ရုရှားထံက ဖျက်အားပြင်း တိုက်လေယာဉ်တချို့ နေပြည်တော်မှာ စတင်လေ့ကျင့်နေ

မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံကနေ ဝယ်ယူထားတဲ့ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ် တွေထဲက Su-30 လို ခေတ်မီ တိုက်လေယာဉ်တချို့ကို လက်ခံရရှိထားပြီလို့ အမေရိကန် အခြေစိုက် The Defense Post သတင်းဌာနက နိုဝင်ဘာလ ၄ ရက်နေ့က ရေးသား ဖော်ပြပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ ဂြိုလ်တုကရရှိတဲ့ ဓာတ်ပုံတွေအရ ရုရှားထုတ် Su-30 တိုက်လေယာဉ်ကို နေပြည်တော် လေတပ်စခန်းရဲ့ ပြေးလမ်းပေါ်မှာ ပထမဆုံး အကြိမ် စမ်းသပ်လေ့ကျင့်နေတာ တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံက အခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ Myanmar Witness အဖွဲ့က နိုဝင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒီတိုက်လေယာဉ်ကို စတင် စမ်းသပ်လေ့ကျင့်နေပြီး စစ်ဆင်ရေးမှာ အသုံးမပြုသေးဘူးလို့ Myanmar witness ရဲ့ ပြောရေးဆိုခွင့်ရှိသူက RFA ကို နိုဝင်ဘာ ၇ ရက်နေ့က ပြောပါတယ်။ Su-30 ဟာ မြန်မာစစ်တပ်က ပုံမှန်အသုံးပြုနေတဲ့ Yak 130 ထက် ပစ်ခတ်နိုင်မှုနဲ့ လူတွေကို သေစေနိုင်တဲ့ စွမ်းရည် နှစ်ဆ ပိုမြင့်ပါတယ်။ MiG-29 လို တိုက်လေယာဉ်နဲ့ Su-30 တွဲဖက်လိုက်ရင်တော့ မြန်မာစစ်တပ်က ကိုယ့်ပြည်သူအပေါ် ဆင်နွှဲနေတဲ့စစ်ပွဲမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တော့မှာပါလို့ သူက ဆိုပါတယ်။
အဲဒီစစ်လေယာဉ်တွေနဲ့ တိုင်းရင်းသား ပြည်သူလူထုကို တိုက်ခိုက်မယ်ဆိုရင် ဒါက စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"ဒီနိုင်ငံကို ကာကွယ်ဖို့ဆိုရင်တော့ ခြောက်စီးတောင်မကဘူး အများကြီးဝယ်ရမှာ။ ဒါတောင်မကဘူး လုံလောက်မှု မရှိဘူး။ ထပ်ဝယ်ရမှာ။ ဒါပေမဲ့ တစ်ခုရှိတာကတော့ အဲဒီစစ်လေယာဉ်တွေ ဝယ်ပြီးမှ တိုင်းရင်းသားတွေကို ကိုယ့်ပြည်သူလူထုတွေကို တိုက်ဖို့ ဝယ်ထားတယ်ဆိုရင်တော့ ဒါက စစ်ရာဇဝတ်မှုလုပ်တဲ့ လုပ်ရပ်တွေပဲဖြစ်တယ်။ ကိုယ့်ရဲ့ တိုင်းရင်းသားတွေ၊ ကိုယ့်ရဲ့ပြည်သူတွေ၊ ကိုယ့်ရဲ့မိဘတွေကို ဗုံးကြဲဖို့ဆိုရင်တော့ ဒါက လုံးဝမှားတဲ့ လမ်းကြောင်းဘက်ကနေ ဝယ်လာတဲ့ စစ်သုံးလေယာဉ်တွေ ဖြစ်မှာပေါ့။ ကျနော်တို့က ဒီလိုပဲ စွပ်စွဲလိုတယ်"
မြန်မာစစ်တပ်ဟာ မြေပြင်ကနေ စစ်ရေးလှုပ်ရှားမှု ခက်ခဲလာတဲ့အတွက် လေကြောင်းကို ပိုသုံးပြီး တိုက်ခိုက်နေတာကြောင့် ပြည်သူလူထု ပိုထိခိုက်မှာကို စိုးရိမ်မိတယ်လို့ သူက ဆိုပါတယ်။
"တိုင်းရင်းသားတွေကို ကိုယ့်ပြည်သူလူထုတွေကို တိုက်ဖို့ ဝယ်ထားတယ်ဆိုရင်တော့ ဒါက စစ်ရာဇဝတ်မှုလုပ်တဲ့ လုပ်ရပ်တွေပဲဖြစ်တယ်"
ရုရှားနိုင်ငံ Sukhoi Aviation Corporation က ထုတ်လုပ်တဲ့ အင်ဂျင်နှစ်လုံးတပ် နှစ်ယောက်စီး SU-30 ဂျက်တိုက် လေယာဉ်ဟာ တစ်စင်းကို အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် တန်ဖိုးရှိပြီး ၂၀၁၈ ခုနှစ်က ရုရှားကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ချိန် မှာ ခြောက်စင်း ရောင်းချဖို့ သဘောတူခဲ့တာပါ။
အဲဒီ ခြောက်စင်းထဲက နှစ်စင်း နေပြည်တော်ကို ရောက်ရှိနေပြီး ရုရှားလေယာဉ်မှူးတွေနဲ့ နည်းပညာရှင်တွေကိုယ်တိုင် နေပြည်တော်မှာ အနီးကပ် လေ့ကျင့်သင်ကြားပေးနေကြောင်း ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေက လွန်ခဲ့တဲ့ လအနည်းငယ်က ရေးသား ဖော်ပြပါတယ်။ အခုတော့ အဲဒီတိုက်လေယာဉ် လေးစီးကနေ ခြောက်စီးကြား နေပြည်တော်ကို ရောက်နေပြီလို့ Myanmar Witness အဖွဲ့ကို ကိုးကားပြီး The Defense Post သတင်းက ဖော်ပြပါတယ်။
Su-30 လို ခေတ်မီ တိုက်လေယာဉ် ဝယ်ယူတာဟာ ပြည်တွင်းပဋိပက္ခအပေါ် သက်ရောက် မှု မရှိနိုင်ဘူးလို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။
"ကိုယ့်တိုင်းရင်းသား ညီအစ်ကိုတွေ ဖြစ်တယ်။ ငြိမ်းချမ်းရေးအတွက်လည်း လမ်းစ ရှိတယ်ဆိုပြီးတော့ မလုပ်ဘဲနေခဲ့ကြတာ။ ပြောရရင်တော့ စစ်ရေးပိုင်းဆိုင်ရာမှာ တော်တော်လေး အလျှော့ပေးပြီး လုပ်လာခဲ့တဲ့အတွက်ကြောင့် မတိုက်နိုင်ဘူးလား၊ ဒီလက်နက်တွေနဲ့ အဆင်မပြေဘူးလားဆိုတဲ့ ဝေဖန်သံတွေထွက်တာ။ ပြောရရင်တော့ လျှော့ထားပြီး မလုပ်လို့သာ မလုပ်တာ။ အခု Su-30 လို လေယာဉ်မျိုးကျတော့ နိုင်ငံအချင်းချင်းဖြစ်တဲ့ စစ်ပွဲမျိုး အဲဒီအချိန်မျိုးမှာ ကိုယ့်အတွက် လေကြောင်း အကဲသာမှု ရဖို့ တကယ့်ကို တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ အားသာချက် ရဖို့အတွက်ကို အဓိက သုံးတာ။ အဲဒီတော့ Su-30 မပါဘဲနဲ့တင် ပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခက အေးအေးဆေးဆေး ရှင်းလို့ရတဲ့အတွက်ကြောင့် Su-30 ရောက်လာခြင်း၊ မရောက်လာခြင်းဟာ ပြည်တွင်းပဋိပက္ခနဲ့ ဘာမှသက်ရောက်မရှိဘူးလို့ ဖြေချင်ပါတယ်"
ရာသီဥတုမရွေး နေ့ရောညပါ စစ်ဆင်ရေးလုပ်နိုင်တဲ့ ဒီတိုက်လေယာဉ်ဟာ လက်နက် တန်ချိန် အများအပြားကို သယ်ဆောင်နိုင်ပြီး ပစ်မှတ်တိကျတဲ့ ပဲ့ထိန်းဒုံးတွေ၊ သင်္ဘောဖျက်ဒုံးတွေကိုတောင် သယ်ဆောင်နိုင်တယ်လို့ သူက ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ စစ်ကောင်စီတပ်ဟာ အရင်က တိုက်လေယာဉ်တွေကို လေကြောင်းပစ်ကူအနေနဲ့ပဲ အသုံးပြုခဲ့ပေမယ့် လက်ရှိမှာတော့ ထိုးစစ်အတွက်ပါ အသုံးပြုတိုက်ခိုက်လာပြီလို့ RFA ကို ပြောပါတယ်။
"အရင်တုန်းကဆိုရင် မြေပြင်တပ်တွေက ဒုက္ခရောက်ပြီဆိုရင် လေတပ်ကိုမှာပြီးတော့ အဲဒီမှာ လေတပ်က ရောက်လာတယ်၊ ဒါပေမဲ့ ဒီနေ့ ဒီအချိန်ခါမှာ အနန့်ပါမှာ ဖြစ်တဲ့ကိစ္စတွေ မက်ကသာဘုန်းကြီးကျောင်းကို သွားကြဲတဲ့ဟာတွေ၊ စစ်ကိုင်းမှာဖြစ်တဲ့ စာသင်ကျောင်းကို သွားကြဲတဲ့ဟာတွေက အဲဒီပုံစံမျိုး ပိုပိုပြီးတော့များတယ်၊ ကျနော်တို့ မြင်နေတာ။ ဒါတော့ မကောင်းဘူး။ ဒါပေမဲ့ သူ့ရဲ့အားကိုးရာက လေကြောင်းစစ်ကူ ခေါ်လို့ သွားတိုက်တာထက် သူက တစ်ခါတည်း လက်ဦးမှုယူပြီးတော့ ထိုးစစ်ပုံစံနဲ့ အရပ်သားကို ပစ်တော့မယ့် အနေအထား ပိုများလာတာ ကျနော်တို့ မြင်နေရတယ်။ အဲဒါတွေက စစ်ရာဇဝတ်မှုကို လုံးဝကျုးလွန်တာပဲ။ ဒါတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ ကိုယ့်နည်းကိုယ့်လမ်းနဲ့ ဒီအန္တရာယ်တွေမဖြစ်အောင် ရှောင်ရှားဖို့ပဲ လိုပါတယ်"
မြန်မာစစ်တပ်ဟာ SU-30 ဂျက်တိုက်လေယာဉ်တွေသာမက Kamov KA-29TB စစ်ရဟတ်ယာဥ်တွေကိုလည်း ရုရှားထံကနေ ဝယ်ယူထားပြီး စစ်ကိုင်းတိုင်း မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလက စစ်ဆင်ရေးလုပ်နေတဲ့ Kamov KA-29TB တိုက်ခိုက်ရေး ရဟတ်ယာဉ်ရဲ့ ဓာတ်ပုံကို ရရှိခဲ့တယ်လို့ Janes Defense Weekly သတင်းစာက ဖော်ပြပါတယ်။ ဒီရဟတ်ယာဉ်ဟာ အခုနှစ် အစောပိုင်းက မြန်မာစစ်တပ်ကနေ အသစ် ဝယ်ယူဖို့ သဘောတူထားတဲ့ ရဟတ်ယာဉ် ငါးစင်းထဲက တစ်စင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီလို တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ဝယ်ယူထားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက် နေတာကြောင့် စစ်ကောင်စီထံ လက်နက်မရောင်းဖို့ နိုင်ငံတကာက တားဆီးသင့်တယ်လို့ မှတ်ချက်ပေးပါတယ်။
"စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေဟာ စစ်ရေးအရ တိုက်ခိုက် တာမျိုးတင် မဟုတ်ဘဲ အပြစ်မဲ့တဲ့ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ် တိုက်ခိုက်တဲ့ ပုံစံမျိုးနဲ့ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာကသာ မြန်မာပြည်ကို အမှန် စေတနာထားတယ်၊ အမှန် ကာကွယ်ဖို့ လိုလားတယ်ဆိုရင်တော့ လေယာဉ်လောင်စာဆီ တင်သွင်းခွင့် ပိတ်ပင်တာတို့၊ လက်နက်မရောင်းချတာတို့ကတော့ မဖြစ်မနေ ဆောင်ရွက်သင့်တဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်"
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မြန်မာစစ်တပ်အနေနဲ့ အရပ်သား ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်တာ မရှိဘူးလို့ အရင်က RFA က မေးမြန်းစဥ်က တုံ့ပြန် ငြင်းဆိုထားပါတယ်။
ပဋိပက္ခဖြစ်ပွားရာမှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင်တပ်တွေဟာ စစ်ဆင်ရေး နည်းလမ်းတွေကို အကန့်သတ်မဲ့ သုံးစွဲခွင့် လုံးဝမရှိဘဲ အလွန်အမင်း ထိခိုက်ဒဏ်ရာ ရစေတာ ဒါမှမဟုတ် မလိုအပ်တဲ့ အသက်ဆုံးရှုံးတွေဖြစ်စေတဲ့ လက်နက်တွေနဲ့ စစ်ဆင်ရေး နည်းလမ်းတွေကို တားမြစ်တယ်လို့ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာဥပဒေ (International Humanitarian Law) မှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာလက္ခဏာ မဆောင်သော လက်နက်ကိုင်ပဋိပက္ခ ဒါမှမဟုတ် ပြည်တွင်းရေး ပဋိပက္ခတွေမှာလည်း နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ကျင့်သုံးရမယ်လို့ ပြဌာန်းထားပါတယ်။

မြေမြင်မှာ စစ်ရေးအသာစီး မရတဲ့ မြန်မာစစ်တပ်ဟာ လေကြောင်းထိုးစစ်ကို အရင်ထက် ပိုသုံးလာပြီး အဲဒီလေကြောင်းထိုးစစ်တွေကြောင့် ပိုပြီးထိခိုက်သေဆုံးမှာက ပြည်သူလူထုပဲ ဖြစ်လိမ့်မယ်လို့ ဦးသန်းစိုးနိုင်က သတိပေးပါတယ်။
"လေကြောင်းထိုးစစ်တွေ ပိုပြီးတော့ ကျင့်သုံးလာတယ်ဆိုတာ မြေပြင်ကြည်းကြောင်းက လှုပ်ရှားသွားလာမှု အားလုံးကို EAO တွေနဲ့ PDF တွေက မိုင်းစစ်ပွဲတွေ၊ ဒရုန်းစစ်ပွဲတွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ထားတဲ့အတွက် အခုချိန်မှာ မြေပြင်က သွားလာ လှုပ်ရှားလို့ မရအောင် ဖြစ်နေပါတယ်။ ဒါကြောင့်မိုလို့ တိုက်ခိုက်ရေးမှာလည်း လေယာဉ်တွေနဲ့ပစ်ခတ်တာ စက်သေနတ်နဲ့ပစ်ခတ်တာ စသည်အားဖြင့် လေကြောင်း စစ်ဆင်ရေးတွေ အပြင်းအထန် ပိုလုပ်လာတယ်။ အဲဒီလိုလုပ်လာတဲ့အတွက် အထိ အခိုက် ပိုများလာတာက ပြည်သူလူထုပါပဲ"
မြန်မာစစ်တပ်မှာ တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေအပါအဝင် စစ်လေယာဉ် အစင်း ၂၈၀၊ တင့်ကား ၆၆၄ စီးနဲ့ ရေငုပ်သင်္ဘောအပါအဝင် စစ်ရေယာဉ် ၁၅၅ စင်း ရှိတယ်လို့ ကမ္ဘာ့နိုင်ငံသီးသီးက စစ်အင်အားတွေအကြောင်း လေ့လာရေးသားနေတဲ့ Global Fire Power အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာက ဖော်ပြထားပါတယ်။
ဒီအခြေအနေအတွင်းမှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီ အပါအဝင် လူပုဂ္ဂိုလ် ၁၉ ဦးကို ဥရောပသမဂ္ဂ (EU) က နိုဝင်ဘာ ၈ ရက် မနေ့ကစလို့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။ အဲဒီအထဲက လေတပ်ဦးစီးချုပ်နဲ့ စစ်တိုင်းမှူးတွေ ကိုတော့ နိုင်ငံတစ်ဝန်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် အရေးယူတာလို့ ဖော်ပြပါတယ်။
အမေရိကန်အစိုးရကလည်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆင့်ကာ ဆင့်ကာ ပြုလုပ်နေတာနဲ့ အရပ်သား ပြည်သူတွေအပေါ် သတ်ဖြတ်တာကို ပံ့ပိုး နေတဲ့သူတွေကို ထပ်တိုးအရေးယူသွားမယ်လို့ နိုဝင်ဘာ ၉ ရက်၊ ဒီနေ့မှာ ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်အတွက် စစ်လေယာဉ် အစိတ်အပိုင်းတွေကို အဓိက ဝယ်ယူပေးနေတဲ့ Sky Aviator Company Limited ရဲ့ ပိုင်ရှင်ဖြစ်သူ ဦးကျော်မင်းဦးကို "မြန်မာနိုင်ငံတွင်း အခြေအနေနဲ့ စပ်လျဉ်းတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ကန့်သတ်ခြင်း" အမေရိကန် သမ္မတအမိန့်အမှတ် - ၁၄၀၁၄ အရ အရေးယူဆောင်ရွက်မယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သူဟာ နိုင်ငံခြားက စစ်အရာရှိတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့၊ စစ်လက်နက်ပစ္စည်းတွေ တင်သွင်းဖို့နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ၊ ပံ့ပိုးတာတွေ လုပ်ခဲ့တယ်လို့ ဒီကနေ့ အမေရိကန်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။