မြန်မာ့လူ့အခွင့်အရေးအခြေအနေ ကမ္ဘာ့အဆိုးဆုံးထဲမှာ ပါဝင်နေကြောင်း ကုလမဟာမင်းကြီးပြော
2025.02.28

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးထဲမှာ ပါဝင်နေပြီး မြန်မာပြည်သူတွေဟာ ဖော်ပြဖို့တောင် ခက်ခဲတဲ့ဒုက္ခတွေ ထပ်တလဲလဲ ခံစားနေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Turk) က ဖေဖော်ဝါရီလ ၂၈ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ လူ့အခွင့်ရေးကောင်စီညီလာခံမှာ ပြောသွားပါတယ်။
“စစ်ရေးတိုက်ခိုက်မှုတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာတွေနဲ့ စီးပွားရေးပြိုလဲမှုတွေ အားလုံးပေါင်း ထိခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ ဒုက္ခမျိုးစုံ ခံစားနေရပြီး၊ အရပ်သားပြည်သူတွေက အများဆုံး ပေးဆပ်နေရပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့သူ အရေအတွက်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အများဆုံး ဖြစ်ပါတယ်။ အခုနှစ်အတွင်း လူ ၁၅ သန်းလောက် ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံခဲ့ရပြီး လူနှစ်သန်းလောက်က အငတ်ဘေးဆိုက်မယ့် အခြေအနေရောက်နေပါတယ်” လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က ပြောသွားပါတယ်။
မြန်မာစစ်တပ်ဟာ အင်အားလျော့ကျလာတာနဲ့အမျှ ရက်စက်ကြမ်းကြုတ်ပြီး အင်အားအလွန်အကျွံသုံးထားတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်နေတဲ့အကြောင်း၊ စာသင်ကျောင်းတွေ၊ ဝတ်ပြုကိုးကွယ်ရာ နေရာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆေးရုံဆေးခန်းတွေ၊ စစ်ဘေးဒုက္ခသည် စခန်းတွေနဲ့ လူအများနဲ့ ဆိုင်တဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး လူတွေ အမြောက်အများ သေကျေဒဏ်ရာရစေတဲ့အကြောင်း သူက ပြောသွားပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှု ၁၆ ရာခိုင်နှုန်း ကျဆင်းသွားပြီး ငတ်မွတ်ခေါင်းပါးမှုတွေက ကပ်ဆိုက်တဲ့အဆင့်ထိ ရောက်လာနေတဲ့အကြောင်း၊ နိုင်ငံလူဦးရေရဲ့ သုံးပုံ တစ်ပုံက ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်နေပြီး ပြည်သူ ၃ ဒသမ ၇ သန်းက နိုင်ငံပြင်ပကို ထွက်ပြေးခိုလှုံနေကြရကြောင်း၊ စစ်တပ်က အာဏာသိမ်းပြီးကတည်းက လူပေါင်း နှစ်ထောင်နီးပါးဟာ အာဏာပိုင်တွေ ထိန်းသိမ်းထားစဉ်မှာ နှိပ်စက်ညှဉ်းပန်းမှုနဲ့ တရားစီရင်မှုမရှိဘဲ သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ကြောင်း သူက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့တိုက်ပွဲတွေ အရှိန်မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ အလွန်မှပဲ စိုးရိမ်ပူပန်တဲ့အကြောင်းလည်း သူက ပြောသွားပါတယ်။ အာရက္ခတပ်တော်အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု ဥပဒေတွေကို ပိုပြီးလိုက်နာပြီး ထိန်းချုပ်နယ်မြေထဲက လူအားလုံးကို အကာအကွယ်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
“စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်နောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးကို စစ်တပ်ထဲကို သွပ်သွင်းနေပါတယ်။ စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တာကြောင့် ပြည်သူတွေကို စစ်တပ်ထဲ အတင်းဝင်ခိုင်းတာ၊ သေနတ်ပြပြီး မတရား ဖမ်းဆီးထိန်းသိမ်းတာနဲ့ ဒုက္ခသည်စခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းမိတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို အစဖျောက်လိုက်တာတွေ လုပ်နေပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ အကြောက်တရား လွှမ်းမိုးနေပြီး ရရာနည်းလမ်းနဲ့ ပြည်ပကို ထွက်ပြေးဖို့ ကြိုးစားကြတာကြောင့် လူကုန်ကူးမှု၊ အမြတ်ထုတ်မှုနဲ့ ခြိမ်းခြောက်ငွေညှစ်ခံရမှုတွေ ကြုံရပြီး ဒေသတစ်ခုလုံးမှာ အကျပ်အတည်းဖြစ်လာစေပါတယ်” လို့ သူက ပြောသွားပါတယ်။
မြန်မာနိုင်ငံက အခြေအနေတွေဟာ နိုင်ငံတကာအတွက် စိုးရိမ်ပူပန်စရာဖြစ်နေတာ ထင်ရှားပြီး ဒေသတွင်းနဲ့ ဒေသပြင်ပအထိ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေအတွက် သက်ရောက်မှု ရှိလာနေတာ ထင်ရှားတဲ့အကြောင်း၊ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်သူတွေ အပြစ်ပေးရေးယူခံနေရမှုကနေ ကင်းလွတ်ခွင့်ရနေတာ ရပ်တန့်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ အာဂျင်တီးနားတရားရုံးတွေမှာ တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုတွေဟာ အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်ပေမဲ့ နိုင်ငံတကာအနေနဲ့ ဒီထက်မက လုပ်ဖို့ လိုသေးတယ်လို့ ဗော်လ်ကာ တာ့ခ်က ပြောပါတယ်။
ဒီအတွက် မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ပိတ်ပင်ဖို့နဲ့ လေယာဉ်ဆီနဲ့ လက်နက်အဖြစ် သုံးနိုင်တဲ့ ကုန်ပစ္စည်းတွေတင်ပို့မှု တားမြစ်ဖို့၊ နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာမှု အကူအညီတွေပေးအပ်ဖို့၊ အာဆီယံနဲ့ မြန်မာနိုင်ငံအပေါ် သြဇာရှိတဲ့ နိုင်ငံတွေအားလုံး အကျပ်အတည်း ပြေလည်အောင် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။
ရန်ပုံငွေလျှော့ချဖြတ်တောက်မှုတွေကြောင့် မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့တွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးတဲ့အဖွဲ့တွေကို ထိခိုက်မှာကို စိုးရိမ်ကြောင်းလည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က ပြောသွားပါတယ်။