လေးနှစ်အတွင်း စစ်ခေါင်းဆောင်တွေရဲ့ ချိုးဖောက်မှုတွေ မကြုံစဖူး အရှိန်မြင့်ခဲ့ကြောင်း ကုလထုတ်ပြန်

RFA Burmese
2025.01.31
လေးနှစ်အတွင်း စစ်ခေါင်းဆောင်တွေရဲ့ ချိုးဖောက်မှုတွေ မကြုံစဖူး အရှိန်မြင့်ခဲ့ကြောင်း ကုလထုတ်ပြန် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ကုလသမဂ္ဂရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Turk) အား တွေ့ရစဉ်။
AFP

၂၀၂၄ ခုနှစ်အတွင်း မြန်မာစစ်တပ်က အရပ်သားတွေအပေါ် အကြမ်းဖက်မှု မကြုံစဖူးအဆင့်အထိ အရှိန်မြင့်ခဲ့ပြီး လေးနှစ်အတွင်း အရပ်သားသေဆုံးမှု အဆိုးရွားဆုံးဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာချုပ်ကိုင်မှုပျက်ပြားလာတဲ့အတွက် လက်တုံံ့ပြန်လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့သလို ထောင်နဲ့ချီတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် မတရားဖမ်းဆီးတာတွေ၊ တရားစွဲဆိုတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဋိပက္ခတွေကြောင့် အစုလိုက်အပြုံလိုက် အိုးအိမ်မဲ့ဖြစ်ခဲ့ရတာတွေ၊ သဘာဝဘေးဒဏ် ခံရတာတွေအတွက် လူသားချင်းစာနာမှုအကူအညီပေးရေးတွေကိုလည်း ငြင်းပယ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အဆိုအရ ၂၀၂၄ ခုနှစ်အတွင်း စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူ ၁၈၂၄ ဦးသေဆုံးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်က ၁၆၃၉ သေဆုံးခဲ့တာကြောင့် အရင်ကထက် သေဆုံးသူ သိသိသာသာ တိုးမြင့်လာခဲ့တယ်လို့ ဆိုပါတယ်။

“လေးနှစ်ကြာပြီးနောက် အရပ်သားတွေအတွက် မြေပြင်အခြေအနေတွေ တစ်နေ့ထက်တစ်နေ့ ဆိုးလာတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်ရတယ်” လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ဗော်လ်ကာ တာ့ခ် (Volker Turk) က ပြောကြားပါတယ်။

ကျူးလွန်သူတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ချက်ချင်းရပ်တန့်အောင်နဲ့ ကျူးလွန်သူတွေကို တာဝန်ခံမှုရှိအောင် မဆောင်ရွက်နိုင်ရင် အရပ်သားသေဆုံးဒဏ်ရာရမှုတွေ ဆက်လက်မြင့်တက်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျူးလွန်သူတွေကို အပြစ်ပေးနိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းပေါ်မှာ မူတည်နေကြောင်းနဲ့ လေးနှစ်တာကာလအတွင်း မြန်မာပြည်သူတွေကြုံခဲ့ရတဲ့ ကြောက်မက်ဖွယ်ဆိုးကျိုးတွေ ဘယ်တော့မှ မကြုံရစေဖို့ တရားမျှတမှုနဲ့ ရေရှည်တည်တံ့တဲ့ နိုင်ငံရေးဖြေရှင်းမှု လိုအပ်ကြောင်း ကုလမဟာမင်းကြီးက ထပ်လောင်းပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။