အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်ခံရလို့ တစ်ရက်တည်း ၁၇ ဦး သေဆုံး

RFA Burmese
2025.02.19
အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်ခံရလို့ တစ်ရက်တည်း ၁၇ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံအချို့ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တွေ့ရစဉ်။
Facebook/ Kalay Township People's Administration

ကချင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး အစရှိတဲ့ တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ ဖေဖော်ဝါရီလ ၁၈ ရက်အတွင်း အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုဖြစ်စဉ် အနည်းဆုံး ၃၂ ခုမှာ သေဆုံးတဲ့ အရပ်သား ၁၇ ဦးနဲ့ ဒဏ်ရာရသူက ၂၁ ဦးအထိ ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ရှစ်ဦး၊ စက်တပ်လေထီးနဲ့ တိုက်ခိုက်လို့ သေဆုံးသူ ငါးဦး၊ လက်နက်ကြီးကြောင့် သေဆုံးသူ သုံးဦးနဲ့ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ တစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

တစ်ရက်တည်းမှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှု အကြိမ်သုံးဆယ်ထက်မနည်းရှိခဲ့ပြီး အဲဒီအထဲမှာ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာ၊ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာ စတဲ့ ဖြစ်ရပ်တွေ ပါဝင်ပါတယ်။

စစ်ရေးပြင်းထန်တာနဲ့ အရပ်သားသေဆုံးမှုတွေက စစ်ကိုင်း၊ မန္တလေးနဲ့ ကချင်ပြည်နယ်တွေမှာ အများဆုံးဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အခုလို သေဆုံးထိခိုက်မှုတွေဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့နဲ့ နှိုင်းယှဉ်တဲ့အခါမှာလည်း ပိုပြီးမြင့်တက်လာတာကို တွေ့ရတယ်လို့ ဉာဏ်လင်းသစ်အဖွဲ့က ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ အရပ်သားသေဆုံးသူ ခြောက်ဦးနဲ့ ဒဏ်ရာရသူ ၁၁ ဦး ရှိခဲ့တာပါ။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၆၃၀၂ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။