ပဲခူးနဲ့ စစ်ကိုင်းတိုင်းက စစ်ကောင်စီတပ်စခန်းတွေကို PDF တိုက်ခိုက်သိမ်းပိုက်
2025.02.27

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ခတက္ကန်ရွာအနီးက စစ်ကောင်စီတပ်စခန်းနဲ့ ပဲခူးတိုင်း ရန်ကုန် - မန္တလေး အမြန်လမ်းမတစ်လျှောက်က စစ်ကောင်တပ်စခန်း ခုနစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ် (၁) စစ်ဒေသက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မုံရွာမြို့နယ်၊ ခတက္ကန်ရွာအနီးက စစ်ကောင်စီရဲ့ ဗောဓိတစ်ထောင်တပ်စခန်း (MRTV အသံလွှင့်တာဝါတိုင်ကုန်း) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် ကွပ်ကဲမှုနဲ့အတူ ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာလို့ အမှတ် (၁) စစ်ဒေသ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဗောဓိတစ်ထောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၁ ဦး သေဆုံးပြီး လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေလည်း ရတယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုအခြေအနေကို အမှတ် (၁) စစ်ဒေသက ဖော်ပြထားတာမရှိပါဘူး။
တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စက်တပ်လေထီး နှစ်စင်း၊ ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ပြီး အမှတ် (၅၀၈) အမြောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်နဲ့ ဖြူးမြို့နယ်ထဲက ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်က စစ်ကောင်စီတပ်စခန်း ခုနစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က တစ်ဦး သေဆုံးတယ်လို့ ဆိုပါတယ်။
စစ်ရေးအရှိန်မြှင့်လှုပ်ရှားမှုတွေ ဆက်ပြီးလုပ်မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ဂိတ်စခန်းအနီးဝန်းကျင်ကို မသွားကြဖို့ NUG က အသိပေးထားပါတယ်။
တပ်စခန်းတွေ တိုက်ခိုက် သိမ်းပိုက်ခံရတာနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။