ကာကွယ်ရေးပစ္စည်းစက်ရုံတွေနားအထိ တိုက်ပွဲတွေ နီးကပ်လာ

RFA Burmese
2025.02.21
ကာကွယ်ရေးပစ္စည်းစက်ရုံတွေနားအထိ တိုက်ပွဲတွေ နီးကပ်လာ မကွေးတိုင်း၊ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီ ကပစ ၁၂ တို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့စဉ်။
အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် - ၄ တပ်ရင်း

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှုဟာ စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေ အနားအထိ ရောက်လာနေပါတယ်။

စစ်ကောင်စီတပ်အောက်မှာ ကပစလို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ၂၅ ရုံရှိပြီး ပဲခူးတိုင်းမှာ ခုနစ်ရုံ၊ ရန်ကုန်တိုင်းမှာ တစ်ရုံ၊ နေပြည်တော်မှာ နှစ်ရုံနဲ့ မကွေးတိုင်းမှာ ၁၅ ရုံ ရှိနေတာပါ။

"AA သာဆက်ပြီးတော့ တိုးမယ်ဆိုရင် ကပစစက်ရုံတွေက ကျွန်တော်တို့ ထိခိုက်ပျက်စီးအောင် လုပ်လာနိုင်မဲ့ အနေအထားရှိတယ်"

တော်လှန်ရေးတပ်တွေဟာ ကပစစက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ စုဖွဲ့ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ အဲဒီအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

အမ်း - ပဒါန်းလမ်းနဲ့နီးတဲ့ ငဖဲမြို့နယ်ထဲက ကပစ (၁၄) အနီးကို စိုးမိုးနိုင်ရေးလုပ်နေပြီး စစ်ကောင်စီတပ်ကလည်း ခံစစ်ပြင်နေတယ်လို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုရန်ကြီးအောင်က RFA ကို ပြောပါတယ်။

"အခုဆိုရင်တော့ ကျွန်တော်တို့ ဒီ ကပစ (၁၄) ဒီ အခုအခြေအနေအထားမှာ တိုက်ရိုက်ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမျိုး ရှိတာပေါ့နော်၊၊ အဓိက အဲဒီ ကပစ (၁၄) ဘက်မှာ အင်အားဖြည့်တင်းတာတွေ ရန်သူကနေပြီးတော့မှ ဒီခံစစ်ပြင်တဲ့ အနေအထားတွေရှိပါတယ်၊၊ ဒီဘက် အမြောက်တပ်တွေကနေပြီးတော့မှ လက်နက်ကြီးပစ်ကူတွေကို ပိုပြီးတော့မှ များများစားစား အသုံးပြုလာတယ်၊၊ ကျွန်တော်တို့ မဟာမိတ် ပူးပေါင်းတပ်တွေကတော့ အဲဒီတပ်တွေကို ဒီခဲယမ်းထောက်ပို့ပိုင်းတွေကို ဖြတ်တောက်နိုင်ဖို့ကိစ္စကို ကျွန်တော်တို့ ပထမဦးစားပေး ဦးတည်ပြီးတော့မှ ဆောင်ရွက်နေကြတာပေါ့နော်"

လက်ရှိ နတ်ရေကန်တောင်စခန်းကို ထိုးစစ်ဆင်နေတဲ့ ရက္ခိုင့်တပ်တော် (AA) ကို ထောက်ကူပေးနိုင်ဖို့ မဟာမိတ် ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ကို ဖြတ်တောက်ရေး စစ်ဆင်ရေးလှုပ်ရှားနေတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

ရခိုင်ရိုးမပေါ်က ပုဂံကွဲစခန်းကို AA သိမ်းပိုက်

ရခိုင်၊ ချင်းပြည်နယ်တွေနဲ့ ထိစပ်နေတဲ့ မကွေးတိုင်းမှာ နှစ်ဖက်စစ်ရေးတိုးမြှင့်

စစ်ကောင်စီအတွက်အရေးအပါဆုံး လက်နက်စက်ရုံများ


မင်းလှမြို့နယ်ထဲက ကပစ (၁၀)၊ ကပစ (၂) နဲ့ ကပစ (၁၃) စက်ရုံတွေဘက်ကိုလည်း တော်လှန်ရေးတပ်တွေ ချဉ်းကပ်နေသလို ပုသိမ် - မုံရွာကားလမ်းပိုင်းကို ဖြတ်တောက်ပြီး ထိန်းချုပ်စိုးမိုးထားဖို့ပါ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပဒါန်း၊ မင်းတုန်းနဲ့ သရက်မြို့နယ်ဘက်မှာ ကပစ (၁၄)၊ ကပစ (၁၂)၊ ကပစ (၂)၊ ကပစ (၁၀) နဲ့ ကပစ (၁၃) က ဆက်စပ်နေတာလို့ ဆိုပါတယ်။

ချင်းပြည်နယ်နဲ့ထိစပ်တဲ့ နေရာတွေက ကပစစက်ရုံတွေအနီးကိုလည်း အရင်လို စစ်ကြောင်းထိုးတာနည်းလာပြီး ကပစထဲကိုပဲ အင်အားဖြည့်တင်းနေတယ်လို့ ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဆရာကျော်က RFA ကို ပြောပါတယ်။

"အရင်တုန်းကဆိုရင်တော့ ဒီ ကပစကနေပြီးတော့ တော်တော်ဝေးဝေးထိပေါ့နော် ဂန့်ဂေါခရိုင်လောက်ထိကိုမှ သူတို့ စစ်ကြောင်းထိုးတာမျိုးတွေရှိတယ်၊၊ နောက်ပိုင်းမှာကျတော့ EAO တွေက နယ်မြေတွေကို သိမ်းလာတဲ့အခါမှာ သူတို့ ကပစထဲ ပေါင်းသွားတာမျိုးတွေရှိတယ်၊၊ ပြီးတော့ ကပစထဲကို ဒီ လက်နက်ခဲယမ်း ဖြည့်တင်းတာတွေ ရှိလာတယ်၊၊ ပြီးတော့ ခံစစ်ပြင်လာတယ်ပေါ့နော်"

ဂန့်ဂေါခရိုင်နဲ့နီးတဲ့ ကပစ (၂၃)၊ ကပစ (၂၄) နဲ့ ကစပ (၂၅) စက်ရုံက စစ်ကောင်စီတပ်သားတွေဟာ အရင်က ခြေလျင်စစ်ကြောင်းတွေကို စစ်ကူပေးခဲ့ပေမဲ့ အခုနောက်ပိုင်း ကပစကိုပဲ လုံခြုံအောင်ကာကွယ်နေရပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်ထဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ လောင်းရှည်တိုက်နယ်၊ ဆောမြို့နယ်ထဲက ကပစ (၂၅) ဘက်ကို ဝင်ရောက်ပူးပေါင်းသွားတယ်လို့လည်း ဆရာကျော်က ပြောပါတယ်။

ဧရာဝတီတိုင်းက တော်လှန်ရေးတပ်တွေလည်း မြောက်စမ်းအမြောက်တပ်ကို တိုက်ခိုက်နေပြီး အဲဒီကနေ ဆက်တိုက်မယ်ဆိုရင် ပြည်-ပန်းတောင်း တပ်နယ်ထဲမှာရှိတဲ့ ကပစစက်ရုံတွေနဲ့ စစ်သင်တန်းကျောင်းတွေကို ပိတ်ဆို့ထားနိုင်တဲ့ အနေအထားမျိုး ဖြစ်သွားနိုင်တယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

လက်ရှိ ကပစစက်ရုံတွေဟာ ထုတ်လုပ်ရေးထက် လုံခြုံရေးကို အဓိကဦးစားပေးလုပ်နေရပြီလို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပါဝင်ထားတဲ့ ဗိုလ်ကြီးဇင်ယော်က RFA ကို ပြောပါတယ်။

"ကပစစက်ရုံတွေကို ကျွန်တော်တို့ ထိန်းချုပ်နိုင်တာထက် စီးနင်းတိုက်ခိုက်ပြီးတော့ ဖျက်ဆီးလာနိုင်မဲ့ အလားအလာမျိုး အများကြီးရှိနေတယ်၊၊ သူတို့ အခုအချိန်ဆိုရင် ကပစစက်ရုံတွေကလည်း ဒီ ထုတ်လုပ်ရေးထက် လုံခြုံရေးကို အလေးပေးထားရတဲ့အနေအထား အဲဒီတော့ သူတို့ရဲ့ထုတ်လုပ်မှုက တစ်ရာရာခိုင်နှုန်း လည်ပတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးပေါ့နော်၊ အဲဒီတော့ သူတို့ ထုတ်လုပ်မှုစွမ်းရည်လည်း ကျသွားမယ်၊ အခုဆိုရင်လည်း ကျွန်တော်တို့ ဒီ ကပစက ထုတ်နုတ်စစ်ကြောင်းတွေကို ရှောင်တခင်ပေါ့နော် လျှပ်တပြက်စီးနင်းတိုက်ခိုက်မှု ထားနိုင်တာတွေကလည်း ခပ်စိပ်စိပ်ဖြစ်လာတယ်၊၊ အဲဒီတော့ ဒီ AA သာဆက်ပြီးတော့ တိုးမယ်ဆိုရင် ကပစစက်ရုံတွေက ကျွန်တော်တို့ ထိခိုက်ပျက်စီးအောင် လုပ်လာနိုင်မဲ့ အနေအထားရှိတယ်၊၊ ဘာလို့လဲဆိုတော့ စက်ရုံဧရိယာကျယ်ပြန့်ပေမဲ့ ကျွန်တော်တို့ ကပစရဲ့ ဝပ်ရှော့တွေကပေါ့နော် မီတာသုံးရာ၊ မီတာလေးရာ ဒီလိုမျိုး ပစ်မလွဲပစ်မှတ်ကြီးတွေ ဖြစ်တယ်ပေါ့နော်"

တော်လှန်ရေးတပ်တွေသာ ကပစစက်ရုံတွေကို ထိန်းချုပ်နိုင်ခဲ့ရင် တော်လှန်ရေးအတွက် အကျိုးရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်မှာရှိတဲ့ ပုဂံကွဲစခန်းကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဖေဖော်ဝါရီလ ၂၁ ရက်မှာ ညောင်ကျိုးစခန်းကိုပါ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒါကြောင့် အဲဒီအနားမှာရှိတဲ့ ကပစ (၆) နဲ့ ကပစ (၉) ထဲက ဝန်ထမ်းတွေနဲ့ မိသားစုတွေ ပြောင်းရွှေ့နေကြတယ်လို့ ကပစ စက်ရုံတွေနဲ့ နီးစပ်တဲ့ ပြည်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကပစတွေကတော့ အခုလောလောဆယ် ပြင်ဆင်မှုအနေအထားကတော့ မိသားစုတွေ ပြောင်းတာရွှေ့တာတွေ လုပ်ပြီးတော့ တိုက်ခိုက်နိုင်တဲ့လူလောက်ပဲ ထားတယ်ပေါ့နော်။ အမျိုးသမီးဆိုလို့ရှိရင် ပစ္စည်းထုတ်လုပ်တဲ့၊ လုပ်နိုင်တဲ့ လူတွေလောက်ပဲထားတယ်။ တချို့ပစ္စည်းတွေ ပြောင်းရွှေ့ထားတယ်လို့ ကြားတယ်ပေါ့နော်။ အစ်ကိုတို့ သိထားသလောက်တော့ ကပစတွေထဲမှာ ပြင်ဆင်တာထက် ရှေ့တွေနောက်တွေမှာ ပြင်ဆင်ထားတာ ပိုများတယ်"

ကပစ အဝန်းအဝိုင်းထဲက ပြင်ဆင်မှုအခြေအနေကိုတော့ လုံခြုံရေးတင်းကျပ်ထားတာကြောင့် အသေအချာ မသိရဘူးလို့ ဆိုပါတယ်။

မကွေးတိုင်း၊ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီ ကပစ ၁၂ တို့  ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့စဉ်။ (အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် - ၄ တပ်ရင်း)
မကွေးတိုင်း၊ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီ ကပစ ၁၂ တို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့စဉ်။ (အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် - ၄ တပ်ရင်း)

လက်ရှိ ကပစ (၆) က တက်လာတဲ့ စက်တပ်လေထီးယာဉ် သုံးစီးဟာ ရိုးမပေါ်မှာ မကြာခဏ ပျံသန်းနေပြီး ၂၇ မိုင် ဘက်ကနေလည်း ညောင်ကျိုးရွာဘက်ကို လက်နက်ကြီးတွေနဲ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ညောင်ခြေထောက်ချောင်းအတွင်း အင်အားတွေဖြည့်နေပြီး ကပစစက်ရုံတွေရှိရာ လမ်းတစ်လျှောက်မှာလည်း ကင်းပုန်းတွေချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကပစ စက်ရုံတွေအနီးအထိ တိုက်ပွဲတွေနီးကပ်လာတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အစ္စရေး အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက ကုမ္ပဏီ ၄၅ ခုကျော်ဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ဆိုင်ရာ နည်းပညာနဲ့ ကုန်ကြမ်းပစ္စည်းတွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီ SAC-M အဖွဲ့ က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။