ရခိုင်၊ ချင်းပြည်နယ်တွေနဲ့ ထိစပ်နေတဲ့ မကွေးတိုင်းမှာ နှစ်ဖက်စစ်ရေးတိုးမြှင့်
2025.01.15

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲတွေဟာ နယ်မြေထိစပ်နေတဲ့ မကွေးတိုင်းအထိ ရောက်လာတာကြောင့် စစ်ကောင်စီဘက်ကလည်း အင်အားတိုးချတာနဲ့ စစ်ကြောင်းထိုးတာတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းမှာလည်း နဂိုကတည်းက တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ထိစပ်နေတဲ့ မကွေးတိုင်း ပဒါန်းမြို့ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီကအင်အားတွေ တိုးချပြီး ခံစစ်ပြင်ဆင်နေတာကြောင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေတယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) စစ်ရေးတာဝန်ခံ ကိုနောင်သူရိန် က RFA ကို ပြောပါတယ်။
"စစ်ရေးကတော့ ကြိုကြားကြိုကြား ထိတွေ့မှုတွေ ရှိနေတယ်ပေါ့နော်၊၊ ပြီးတဲ့အခါမှာ ဒေသခံတွေကတော့ ဟိုအရင်ကတည်းကနေ ရွာလုံးကျွတ် ရွှေ့ပြောင်းရတာတွေ ပြီးတော့ တချို့ ရွာလုံးကျွတ် မဟုတ်ဘူး ဆိုရင်တောင်မှဘဲ တိမ်းရှောင်ရတာမျိုးတွေတော့ ရှိနေတယ်ဗျ၊၊ ပြီးတဲ့အခါမှာတော့ ရန်သူက ပိတ်ဆို့ထားတာပေါ့နော်။ ပဒါန်းလောက်ကနေ ပိတ်ဆို့ထားတဲ့အတွက် တောင်ပေါ်ဒေသကို ဆန်မသယ်ရဘူးတို့၊ စားနပ်ရိက္ခာ မသယ်ရဘူးဆိုတဲ့ ကိစ္စမျိုးတွေလည်းရှိတယ်ပေါ့"
ဆက်နွှယ်သောသတင်းများ
အမ်းမြို့နယ်က တိုက်ပွဲတွေ မကွေးတိုင်းအထိ ရောက်လာ
မြိုင်မှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရ
အညာနဲ့မြေလတ်မှာ တိုက်ပွဲတွေ ပိုများလာ
အမ်းနဲ့ ပဒါန်းကြားမှာရှိနေတဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစ - (၁၄)၊ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစက (၉၀၅)၊ နတ်ရေကန် ဗေဒါစခန်း အဲဒီနေရာမျိုးတွေမှာ စစ်ကောင်စီတပ်က ခံစစ်အတွက် ပြင်ဆင်နေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က စစ်ကား ၃၃ စီးနဲ့ အမ်း-ပဒါန်းလမ်းကြောင်းတစ်လျှောက်ကို အင်အားဖြည့်တင်းခဲ့တာ တွေ့နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လေကြောင်းသုံး တိုက်ခိုက်တာတွေကြောင့် အမ်း - ပဒါန်း ကားလမ်း ဝဲယာမှာရှိတဲ့ ဘုံးဘောနဲ့ ကျွဲတလင်း အပါအဝင် ရွာပေါင်း ဆယ်ရွာခန့်က ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်း ရိုးမတောင်ကြားမှာရှိတဲ့ ဂုတ်ကြီး၊ စွန်တက်နဲ့ လင်းတဲ ရွာသုံးရွာကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဇန်နဝါရီလ ၁၃ ရက်နေ့ကတော့ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးနောက် အမ်းတောင်ကြားလမ်းအတိုင်း ပြန်လည်ထိုးစစ်ဆင်ဖို့ စစ်ကောင်စီတပ်က ကြိုးပမ်းနေပုံရတယ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
"အခုလက်ရှိမှာတော့ အဲဒီဘက်မှာ စစ်ကြောင်းထိုးနေတယ်ပေါ့"
ချင်းတော်လှန်ရေးတပ်အဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေနဲ့ ထိစပ်နေတဲ့ ယောဒေသ ဆောမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်က အင်အားတိုးချနေပါတယ်။
အလားတူ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း စစ်ရေးဖော်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တာဝန်ခံ ထန်းမောင်းက RFA ကို ပြောပါတယ်။
"ကျောက်ထုကို ကျွန်တော်တို့ ခန့်မှန်းခြေ လေယာဉ်နဲ့ချတာ နောက်ထပ် ၁၀၀ လောက်တော့ သူတို့ဘက်ကလည်း အင်အားပြန်ဖြည့်ထားတာ။ ဒါတော့ ရှိတယ်၊၊ ဒီ စစ်ရေးအနေနဲ့ ကျွန်တော်တို့ မကြာခင် ဟိုဟာလုပ်သွားမှာပါ၊၊ ဒီဘက်ကတော့ အကုန်အဆင်သင့်ဖြစ်ပါပြီ၊၊ မဟာမိတ်တွေနဲ့ရော၊ ကျွန်တော်တို့ ဒီ MOD NUG ရဲ့ လက်အောက်က MOD PDF အဖွဲ့တွေ နောက်ပြီး ကျွန်တော်တို့ MOD အောက်က ပြည်သူ့ကာကွယ်ရေး ပကဖအဖွဲ့တွေ အကုန်လုံး ပူးပေါင်းပြီးတော့မှ တဖြည်းဖြည်းနဲ့ ဟန်ချက်ညီညီနဲ့ ကျွန်တော်တို့ လုပ်စရာရှိတာ လုပ်နေပါတယ်၊ မကြာခင်စတော့မှာပါ"
ဆောမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်က အင်အားသိပ်မရှိဘဲ ကျောက်ထုမြို့မှာတော့ အင်အား ခန့်မှန်းခြေ သုံးရာကနေ လေးရာခန့်နဲ့ ထီးလင်းမြို့ပေါ်မှာ အင်အား နှစ်ရာခန့် ရှိနေတယ်လို့ ပြောပါတယ်။
မြိုင်မြို့နယ်မှာလည်း စစ်ကောင်စီက စစ်ရေးပြင်ဆင်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က စစ်ကြောင်းထိုး လာတဲ့ ကား ၃၂ စီး၊ အင်အားနှစ်ရာခန့်ဟာ မြိုင်မြို့ပေါ်ကို ရောက်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကားတွေက တချို့ကို စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးလက်နက်ကိုင် ကျေးရွာတွေကို လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်နေတယ်လို့ မြိုင်မြို့နယ်က ဒေသခံ တစ်ဦးက ပြောပါတယ်။
“မြိုင်မြို့ကနေ ကန်နီကို သွားတာ ကိုးစီးလို့ ကြားတယ်။ အဓိကကတော့ ရိက္ခာနဲ့ ခဲယမ်းပါမှာပေါ့။ အခု သူတို့ရဲ့ ဒေါက်တိုင်ရွာ ကန်နီကိုပို့တာ။ နောက်တစ်ခု မြိုင်မြို့နဲ့ လေးမိုင်အကွာ စက်မှုကို ကျန်နေတဲ့ ကားတွေက ပို့ဦးမယ် ကြားတယ်။ သူတို့က ရှေးမှာ မြေထိုးစက်ပါတယ်။ ဘေးလမ်းတွေက သွားတာ။ ကတ္တရာလမ်းက မသွားဘူး။ စစ်ရှောင်တွေကတော့ တော်တော်များများ ရှောင်နေရတယ်”
စစ်ကြောင်းထိုးမှုကြောင့် အင်းရောင်း၊ စလူဘန်း၊ ဂွေးပင်လယ်၊ ဝက်ခေါင်း၊ ကျောင်းကုန်း၊ ရွာသစ်ကုန်း၊ သံပုရာခြံနဲ့ ညောင်ပင်ရွာ စတဲ့ ရွာတွေက ဒေသခံ ငါးထောင်ထက်မနည်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
မင်းဘူး (စကု) မြို့နယ်၊ အိုးပြင်မဲရွာကိုလည်း ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် လူနှစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းတွေကြောင့် အိုးပြင်မဲရွာ၊ တင်ပြင်ခွေရွာနဲ့ အိုင်းမရွာတို့မှာ နေထိုင်တဲ့ ဒေသခံတွေ ထွက်ပြေးနေရပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ လွှမ်းမိုးထားတဲ့ ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ အနီးဆုံးရွာဖြစ်တဲ့ အိုးပြင်မဲရွာက နေအိမ် သုံးဆယ်ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းထဲကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ထိုးစစ်တွေဝင်ရောက်လာမှာ စိုးရိမ်လို့ စစ်ကောင်စီတပ်က အခုလို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာလို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအညာသားက RFA ကို ပြောပါတယ်။
"အခုလက်ရှိမှာတော့ အဲဒီဘက်မှာ စစ်ကြောင်းထိုးနေတယ်ပေါ့၊၊ အမ်းကလည်း သူတို့ ကျသွားပြီ၊ နပခတို့ ဘာလို့လည်း ကျသွားပြီဆိုတော့ AA က အဲဒီလမ်းကြောင်းကနေ ဆင်းလာမယ်လို့ ယူဆတဲ့အခြေအနေတွေနဲ့ ဆိုတော့ကျ သူတို့ဘက်ကနေပြီး စစ်ကြောင်းထိုးတာပေါ့၊၊ ရပ်ရွာတွေထဲ ပြည်သူတွေနေတဲ့ ကျေးရွာတွေဘက်ကို ဦးတည်ပြီးတော့ကျ စစ်ကြောင်းထိုးနေတယ်၊၊ ပြည်သူတွေကတော့ တိမ်းရှောင်ထွက်ပြေးနေရတာပေါ့"
ထွက်ပြေးနေရတဲ့ ဒေသခံတွေရဲ့ အသေးစိတ်ကို အချက်အလက်တွေ မသိရသေးဘဲ စစ်ကောင်စီတပ် အင်အား ငါးရာခန့်ကို စစ်ကြောင်းသုံးကြောင်းခွဲ ထိုးနေတာ တစ်ပတ်ခန့် ရှိနေပြီလို့ ကိုအညာသားက ပြောပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေဟာ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း အစွန်အဖျားမှာရှိတဲ့ ကျေးရွာတွေအထိ ရောက်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်တို့ကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ရခိုင်နဲ့ ချင်းပြည်နယ်က မကွေးတိုင်းနဲ့ ထိစပ်နေတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေ စိုးမိုးလာနိုင်တာကြောင့် အခုနှစ်အတွင်း မကွေးတိုင်းအတွင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။