စစ်ကောင်စီအတွက်အရေးအပါဆုံး လက်နက်စက်ရုံများ
2024.10.10

စစ်ကောင်စီလက်အောက်မှာ ကပစ လို့ အတိုကောက်ခေါ်ဆိုတဲ့ တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံ ၂၅ ရုံ ရှိပါတယ်။ ပဲခူးတိုင်းမှာ ခုနစ်ရုံ၊ ရန်ကုန်တိုင်းမှာ တစ်ရုံ၊ နေပြည်တော်မှာ နှစ်ရုံနဲ့ မကွေးတိုင်းမှာ ၁၅ ရုံပါ။
အဲဒီအထဲမှာ စက်ရုံပေါင်း နှစ်ဆယ်ဝန်းကျင်က လက်ရှိ လည်ပတ်နေပါတယ်။ ဒီစက်ရုံတွေရှိနေတာကြောင့် လက်ရှိအချိန်အထိ စစ်ကောင်စီ ရပ်တည်နေနိုင်တာလို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာပါဝင်တဲ့ ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
"အဓိက ကပစ စက်ရုံတွေ ရှိနေသေးလို့ စစ်ကောင်စီ တင်းခံနေတာ။ အဲဒီတော့ စစ်တပ်မှာ တင်းခံနေနိုင်တာ ငါးဆယ်ရာခိုင်နှုန်းသည် ကပစ စက်ရုံတွေ။ သူတို့ရဲ့ အားသည် ကပစ စက်ရုံတွေက ငါးဆယ်ရာခိုင်နှုန်းလောက် သူတို့ရဲ့ ဖိုင်းယားပါဝါ (တိုက်ခိုက်ရေးစွမ်းအား) ကို ကျားကန်ပေးနေတယ်လို့ ပြောလို့ရပါတယ်ဗျ"
အရင်က ကပစ စက်ရုံတွေမှာ ထုတ်လုပ်ရေးပဲ တာဝန်ယူရတဲ့သူတွေလည်း လက်ရှိမှာ စစ်တိုက်နေရတာတွေ့ရတယ်လို့ သူကပြောပါတယ်။
"အဓိက ကပစ စက်ရုံတွေ ရှိနေသေးလို့ စစ်ကောင်စီ တင်းခံနေတာ"
အခုနောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေလို စစ်ကောင်စီတပ်ကလည်း ဒရုန်းတွေသုံးလာတာ ရှိပါတယ်။ ဒရုန်းတွေကိုလည်း အဲဒီစက်ရုံတွေမှာ ထုတ်တယ်လို့ လေတပ်က CDM တပ်ကြပ်ကြီး ကိုနောင်ရိုးက RFA ကိုပြောပါတယ်။
"ကျွန်တော်တို့တပ်တွင်းကနေ ပြန်ပြီးတော့ကြားရတဲ့ အကြောင်းလေးတွေကတော့ အခုလက်ရှိ Drone တွေမှာသုံးမဲ့ ဗုံးတွေပေါ့နော်။ Drone မှာ သုံးဖို့အတွက်ကို ဗုံးအတွက်က သူတို့ တချို့အရာတွေမှာ လုံလောက်မှု၊ အဓိကက Accessories ပေါ့နော်။ လိုအပ်ချက်တွေကြောင့်လည်းပါမယ်နဲ့တူတယ်။ သူတို့ဒီ PVC ပိုက်တွေကိုသုံးပြီးတော့ အထဲထဲမှာ ယမ်းတွေထည့်တယ်"
သူလေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တုန်းက ပြည်မြို့တစ်ဖက်ကမ်း ဆင်တဲ ကပစ (၃) ကနေ ကျည်ဆံတွေနဲ့ လေယာဉ်သုံး ဗုံးတွေဖြစ်တဲ့ လေထီးဗုံး ပေါင် ၂၅၀ နဲ့ ပေါင် ၂၅၀ ဗုံးတွေကို မကွေးလေတပ်ကို သယ်ယူပို့ဆောင်ပေးခဲ့ဖူးတယ်လို့ တပ်ကြပ်ကြီး ကိုနောင်ရိုးက ပြောပါတယ်။ အလားတူ ကပစ ၉၂၁) ကလည်း ပေါင် ၂၅၀ နဲ့ ပေါင် ၅၀၀ ဗုံးတွေ သယ်ပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ကပစ (၁၀) ကတော့ လေယာဉ်ကနေပစ်မဲ့ 57 Rocket တို့ 18 Rocket တို့ကို စမ်းသပ်ထုတ်လုပ်နေတာမြင်ခဲ့ဖူးတယ်လို့ ပြောပါတယ်။
နေပြည်တော် (တပ်ကုန်း) အခြေစိုက် ကပစ (၁) နဲ့ ရန်ကုန်တိုင်း (တိုက်ကြီး) အခြေစိုက် ကပစ (၁၁) ကနေ အမ်အေ စီးရီး သေနတ်တွေကို ထုတ်လုပ်ပါတယ်။ အထက်မင်းလှ (မလွန်) ရွာအခြေစိုက် ကပစ (၂) မှာတော့ မော်တာကျည်ဆန်၊ အမြောက်ကျည်ဆန်၊ ဒသမငါး ကျည်ဆန်၊ ၅.၅၆ ကျည်ဆန်တွေကို ထုတ်လုပ်ပြီး ပြည်မြို့ (ဆင်တဲ) ကပစ (၃) ကတော့ ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ ဗုံးသီးကျည်ဆန်တွေနဲ့ ပေါင် ငါးဆယ်ကနေ ပေါင် ငါးရာ လေယဉ်ဗုံးတွေကို အဓိက ထုတ်လုပ်ပါတယ်။ ကပစ (၃) နဲ့ ကပစ (၂၁) မှာတော့ ကလပ်စတာဗုံးလို့ခေါ်တဲ့ ဆင့်ကွဲဗုံးတွေနဲ့ ပေါင်ငါးရာဗုံးသီးတွေ ထုတ်လုပ်ပါတယ်။ ပဲခူးတိုင်းထဲက ကပစ (၅) က ယမ်းချက်အလုပ်ရုံဖြစ်ပြီး ပြည်မြို့ ကပစ (၇) က လက်ပစ်ဗုံး၊ ရေမြှုပ်ဗုံးတွေ အဓိကထုတ်လုပ်သလို ဥသျှစ်ပင်မြို့ ကပစ (၉) ကနေ ၅.၅၆ ကျည်ဆန်၊ ၇.၆၂ ကျည်ဆန်တွေ ထုတ်လုပ်နေတာပါ။ မကွေးတိုင်း သရက်မြို့ ကပစ (၁၂) ကတော့ ၆၀ မီလီမီတာ၊ ၈၁မီလီမီတာနဲ့ ၁၂၀ မီလီမီတာ ဗုံးသီးတွေ ထုတ်လုပ်တယ်လို့ CDM စစ်တပ်အရာရှိတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
လက်နက်ထုတ်လုပ်ရာမှာ အခြေခံအကျဆုံး ကုန်ကြမ်းတွေဖြစ်တဲ့ ယမ်းနဲ့ သံကို ကပစ (၁၃) ယမ်းစက်ရုံ၊ ကပစ (၆) သံစက်ရုံတွေက ထုတ်လုပ်ပြီး အဲဒီစက်ရုံနှစ်ခုလုံးက စစ်ကောင်စီအတွက် အရေးကြီးတယ်လို့ CDM စစ်တပ်အရာရှိတွေက ဆိုပါတယ်။
တိုင်းရင်သားဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာလည်း ကပစက ထုတ်နေတဲ့ လက်နက်ခဲယမ်းတွေကိုပဲ အဓိကအသုံးပြုနေတာလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"စကစတွေကတော့ သူတို့ ကပစ စက်ရုံတွေက ထုတ်တဲ့ လက်နက်တွေပဲ သူတို့သုံးနေတာ။ ဥပမာ အမ်အေစီးရီးတွေ အားလုံးလည်း ကပစတွေက ထုတ်တာပါ။ လက်နက်ကြီးတွေ ၁၂၀ ၊ ၁၀၅ တို့လည်း သူတို့ ကပစ က လုပ်တာပါ။ အမြဲတမ်းသူတို့ သုံးနေတာက ကပစ စက်ရုံတွေက ထုတ်တာတွေပဲ သူတို့ သုံးကြတာ။ ပြည်ပက လက်နက်တွေ ဒါလည်း ပါတော့ပါမှာပါ။ အဓိကသုံးတာတော့ ကပစ လက်နက်တွေပဲ သုံးတာ"
စစ်ကောင်စီရဲ့ လက်နက်ထုတ်လုပ်မှု နည်းပညာတွေကို အရင်ကဆို တရုတ်နဲ့ မြောက်ကိုရီးယားတွေဆီက ရခဲ့တာလို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
"အများဆုံးကတော့ ကျွန်တော်တို့ တရုတ်နိုင်ငံက ပညာသည်တွေ များတယ်၊၊ ကျွန်တော်တို့ ၂၀၀၅၊ ၂၀၀၆ လောက်မှာတုန်းကတော့ ကျွန်တော်တို့ ကပစ (၁၄) ငဖဲစက်ရုံမှာ မြောက်ကိုရီးယားတွေ လာဖူးတယ်၊၊ နျူကိစ္စအတွက် လာကြတာ၊ ဒါပေမဲ့ အဆင်မပြေဘူး။ သူတို့တွေ ပြန်ထွက်သွားတာမျိုးတွေ ရှိတယ်၊၊ အခုလက်ရှိမှာတော့ တရုတ်တွေလည်း မလာတော့ဘူးပေါ့နော်"
စစ်ကောင်စီက ရုရှားဆီကလည်း နည်းပညာရဖို့ ကြိုးစားတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ထိပ်ပိုင်းဗိုလ်ချုပ်တွေ ပြောသလို နိုင်ငံတကာအဆင့်မီ နည်းပညာမြင့် လက်နက်တွေမဟုတ်ဘဲ သာမန်ခြေလျင်တပ်သုံး လက်နက်ငယ်၊ လက်နက်ကြီးအဆင့်လောက်ဘဲ ထုတ်လုပ်နိုင်တယ်လို့ ပြောပါတယ်။
လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ မကွေးတိုင်း ဂန့်ဂေါခရိုင်ပတ်ဝန်းကျင်မှာရှိတဲ့ ကပစ စက်ရုံတွေကို PDF တွေ သွားတိုက်တာတွေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဆရာကျော်က ပြောပါတယ်။
"ကျွန်တော်တို့ ဂန့်ဂေါခရိုင်မှာ အနီးစပ်ဆုံး ကပစတွေ ပြောပါဆိုရင် အမှတ် ၂၃၊ ၂၄၊ ၂၅ ရှိတယ်၊၊ အဲဒီထဲကမှ ၂၃ နဲ့ ၂၅ ကတော့ ဂန့်ဂေါခရိုင်နယ်မြေအတွင်းမှာ ရှိပြီးတော့ သူတို့ လက်နက်ထုတ်လုပ်တာမျိုးတွေ ရှိနေတယ်။ အခုထိအောင် မူမပျက် ထုတ်လုပ်နေတာမျိုးတွေ ရှိပါတယ်ဗျ။၊ ကျွန်တော်တို့ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ရံဖန်ရံခါ သူတို့ရဲ့ စစ်ကြောင်းတွေကို ဟန့်တားတာမျိုး သူတို့ရဲ့ ကပစတွေကို အဝေးကနေ လက်နက်ကြီးနဲ့ ပစ်တာမျိုး ဒါမျိုးတွေလောက်တော့ ရှိပါတယ်ဗျ"
ပေါက်မြို့ အနောက်တောင်ဘက် ဆယ်မိုင်ခန့်အကွာမှာ ရှိတဲ့ ကပစ (၂၄) ကတော့ အရည်ကျိုစက်ရုံဖြစ်ပြီး အဲဒီကထုတ်လုပ်တဲ့ အလူမီနီယံချောင်း ကုန်ကြမ်းတွေကို တခြား ကပစ စက်ရုံတွေကို ဖြန့်ဖြူးတယ်လို့ ပြောပါတယ်။
ဒီ ကပစ စက်ရုံတွေက လက်ရှိလည်ပတ်နေပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏတိုက်လို့ ထုတ်လုပ်မှုတွေ လျော့နည်းသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်တပ်ပိုင် လက်နက်စက်ရုံတွေ အပေါ့စားတင့်ကား ထုတ်လုပ်နေ
စစ်ကောင်စီကို လေယာဥ်နဲ့လက်နက်တွေ ဘယ်နိုင်ငံတွေ ကူညီနေသလဲ
စစ်ရေးတစ်ဆင့်တက်ဖို့ စစ်ကောင်စီကြိုးပမ်းနေကြောင်း ပညာရှင်သုံးသပ်
ကပစ စက်ရုံ နှစ်ရုံရှိနေတဲ့ ဆိပ်ဖြူမြို့နယ်က ဒေသခံတွေကတော့ အဲဒီတပ်တွေရဲ့ စစ်ကြောင်းထိုး ပစ်ခတ်တာတွေ ရင်ဆိုင်နေရတယ်လို့ ဆိပ်ဖြူမြို့နယ် ပကဖ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ ဆိပ်ဖြူမြို့နယ်မှာက ကပစ (၂၁)၊ (၂၂) နှစ်ခုရှိတယ်ပေါ့ဗျာ။ အဲဒီအထဲက တပ်တွေက တစ်လတစ်ခါလောက် ကျေးရွာတွေကို ပုံမှန် စစ်ကြောင်းထိုးတယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ ဒရော့ (drop) ဗုံးနဲ့ချတယ်"
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
ကုလသမဂ္ဂ အဆင့်မြင့်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီ SAC-M အဖွဲ့ က အစ္စရေးအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက ကုမ္ပဏီ ၄၅ ခုကျော်ဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ဆိုင်ရာ နည်းပညာနဲ့ ကုန်ကြမ်းပစ္စည်းတွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာပြည်သူတွေကို ကာကွယ်ဖို့အတွက် စစ်ကောင်စီရဲ့ ကာကွယ် ရေးပစ္စည်းစက်ရုံ တာဝန်ရှိသူတွေနဲ့ လက်နက်ပွဲစားတွေကို ပစ်မှတ်ထား အရေးယူတာအပါအဝင် မြန်မာစစ်တပ်ရနေတဲ့ အထောက်အပံ့တွေကို ပိတ်ဆို့သင့်တယ်လို့လည်း SAC-M အဖွဲ့ရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။