စစ်ကောင်စီကို လေယာဥ်နဲ့လက်နက်တွေ ဘယ်နိုင်ငံတွေ ကူညီနေသလဲ

တင်အောင်ခိုင် (ဝါရှင်တန် ဒီစီ)
2023.09.13
စစ်ကောင်စီကို လေယာဥ်နဲ့လက်နက်တွေ ဘယ်နိုင်ငံတွေ ကူညီနေသလဲ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ မန္တလေးတိုင်း၊ မိတ္ထီလာတွင် ပြုလုပ်သည့် ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းတွင် ဂျက်တိုက်လေယာဥ်များ ပျံသန်းစဉ်။
Myanmar Military

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ အသုံးပြုနေတဲ့ စစ်လက်နက်ပစ္စည်းတွေအနက် တိုက်လေယာဥ်များနဲ့ ရဟတ်ယာဥ်တွေဟာ ရုရှား၊ တရုတ်နိုင်ငံနဲ့အိန္ဒိယ နိုင်ငံတွေက တင်သွင်းတာဖြစ်ပြီး အဲဒီ လေယာဥ်များ၊ ရဟတ်ယာဥ်များမှာ အသုံးပြုတဲ့ ဗုံးအမျိုးအစားပေါင်းများစွာနဲ့ ကျည်ဆန်မျိုးစုံကိုတော့ ပြည်တွင်းမှာရှိတဲ့ လက်နက်စက်ရုံ ၂၅ ရုံမှာ ထုတ်လုပ်တာဖြစ်ပါတယ်။

ပြည်တွင်းစက်ရုံတွေမှာ ထုတ်လုပ်တဲ့ လက်နက်တွေအတွက် မြောက်ကိုရီးယားနဲ့ တရုတ် နည်းပညာတွေသုံးပြီး ထုတ်လုပ်ကြတာပါ။ လက်နက်စက်ရုံ အမှတ် (၂၁) မှာ တာ၀န်ယူခဲ့ပြီး အာဏာသိမ်းပြီး သုံးလအကြာ ၂၀၂၁ မေလမှာ ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ ဗိုလ်ကြီးတစ်ဦးဖြစ်တဲ့ အမည်၀ှက် ကက်ပတိန်ဇီးရိုးက မြောက်ကိုရီးယားနဲ့ တရုတ်နည်းပညာတွေနဲ့ ဗုံးတွေထုတ်လုပ်ခဲ့တယ်လို့ ပြောပါတယ်-

"မြောက်ကိုရီးယားနဲ့ထုတ်တဲ့လက်နက်ကတော့ TPG လို့ ခေါ်တယ်။ ဒီပရောဂျက်က ပြီးသွားတာကြာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ ကျောင်းဆင်းတဲ့ အချိန်မှာ မြောက်ကိုရီးယားတွေက မရှိတော့ဘူး။ ဆက်ပြီးထုတ်နေတာ ဒီပုံစံပဲ။ ကျွန်တော်တို့ ရောက်ပြီး ၂၀၁၆ လောက်ကနေစပြီး တရုတ်တွေနဲ့ အတူတွဲပြီးထုတ်တာက ကလပ်စတာတွေပါတယ်။ ကာဘွန်ဖိုင်ဘာလို့ခေါ်တဲ့ ဆက်သွယ်ရေးဖြတ်တောက်တဲ့ ဗုံးတွေပါတယ်။ HEat- High explosive အဲလိုဟာတွေပါမယ်။ ပြီးတော့ FAE ဗုံး လေဟာနယ်လုပ်ပြီး အသက်ရှုကျပ်၊ နှလုံးရပ်အောင်လုပ်တဲ့ ဗုံးပေါ့။ ပြီးတော့ မီးလောင်ဗုံးတွေလည်း ထုတ်တယ်"

ကျည်ဆံနဲ့ ဗုံးများထုတ်လုပ်တဲ့ စက်ရုံတွေဟာ ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်မှာ တည်ရှိပြီး နေပြည်တော် တပ်ကုန်းရှိစက်ရုံမှာ တခြားနိုင်ငံက ပညာရှင်တွေပါ ရှိတယ်လို့ လက်နက်စက်ရုံမှာ ခြောက်နှစ်ကြာအောင် အမှုထမ်းခဲ့ဖူးတဲ့ ဗိုလ်ကြီး ၀င်းနိုင်စိုးက ပြောပါတယ်။

"၁ နဲ့ ၄ နဲ့က ပိုပြီး မိန်းကျတယ်။ အဲဒီမှာ တရုတ်နဲ့ မြောက်ကိုရီးယားအပြင်ကို တခြား နိုင်ငံခြားသားတွေလည်းရှိတယ်။ မြန်မာပြည်သူနဲ့ယူပြီး နေနေတာ ကျွန်တော်တို့ ဆရာပေါ့ဗျာ။ သူကို အိမ်တွေ၊ ကားတွေပေးထားတယ်။ ဂျာမနီထင်တယ်"

ချင်းပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ခွံတစ်ခုကို တွေ့ရစဉ်။ (Photo: CDF - Mindat)
ချင်းပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ခွံတစ်ခုကို တွေ့ရစဉ်။ (Photo: CDF - Mindat)

အဲဒီလက်နက်ကျွမ်းကျင်သူဟာ ဂျာမနီနိုင်ငံသားဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီနိုင်ငံခြားသားဟာ မြန်မာနိုင်ငံသားတွေ မလုပ်ကိုင်နိုင်တဲ့ ၀င်ရိုးငါးခုရှိတဲ့ တွင်ခုံကြီးကို ကိုင်သူဖြစ်တယ်လို့ ပြောပါတယ်။ ထုတ်လုပ်တဲ့ ဗုံးတွေအနက် နိုင်ငံတကာမှာ အသုံးပြုခွင့်ပိတ်ပင်ထားတဲ့ ကလပ်စတာဗုံး ခေါ် ဆင့်ကွဲဗုံးများကို ပုံစံပြောင်းပြီး ထုတ်လုပ်တယ်လို့ ကက်ပတိန် ဇီရိုးက ပြောပါတယ်။

"ဗုံးတွေကိုပြုပြင်ပြောင်းလဲတယ်ပေါ့။ ကလပ်စတာတွေဘာတွေက နိုင်ငံတကာက ပိတ်ထားတဲ့ ဗုံးဖြစ်တော့ အဲဒါကို မြန်မာမှု ပြန်ပြုတယ်ပေါ့။ ကလပ်စတာဗုံးထဲမှာ ထည့်တဲ့ ဗုံးအသေးလေးတွေကို တရုတ်နည်းပညာ ဗုံးအသေးလေးတွေကိုမထည့်ဘဲနဲ့ ကပစ (၃) တို့ ဘာတို့က ထုတ်တဲ့ ကပစထုတ်ဗုံးသီးတွေကို အစားထိုးပြီးထည့်တယ်။ ဗုံးကတော့ နာမည်ကတော့ ကလပ်စတာပဲ။ အထဲက ဗုံးသီးမတူလို့ နိုင်ငံတကာဥပဒေနဲ့ သွားငြိမနေဘူးပေါ့"

မြန်မာနိုင်ငံမှာ တရုတ်နဲ့ပေါင်းပြီး ထုတ်ထားတဲ့ ကလပ်စတာဗုံးအစစ် ဆယ်လုံးပဲရှိပြီး အဲဒီဗုံးတွေကိုမသုံးဘဲ ပြထားရုံသက်သက်ထားတယ်လို့ ပြောပါတယ်။ ထုတ်လုပ်တဲ့ ဗုံးတွေမှာ ပါတဲ့ အစိတ်အပိုင်းတွေအတွက် တရုတ်အပြင် တခြားနိုင်ငံတွေလည်း ပါ၀င်တယ်လို့ ကက်ပတိန် ဇီးရိုးက ပြောပါတယ်။

"အဲဒီဗုံးတွေမှာလိုအပ်တဲ့ အစိတ်အပိုင်းတွေကို ၀ယ်ယူတာတို့ ဘာတို့လည်းရှိပါတယ်။ အိန္ဒိယတို့၊ ရုရှားတို့ဆီက ဗုံးထဲမှာသုံးတဲ့ အသေးစိတ်ပစ္စည်းတွေကို ၀ယ်တယ်။ နောက်နိုင်ငံတစ်ခုက ဆွစ်ဇာလန်။ သူကကျတော့ မြန်မာကနေ တိုက်ရိုက်၀ယ်တာ မဟုတ်ဘူး။ တရုတ်ပွဲစားလုပ်ပြီး၀ယ်တာ၊ ဆွစ်ဇာလန်တို့၊ ဂျာမနီတို့"

"အိန္ဒိယတို့၊ ရုရှားတို့ဆီက ဗုံးထဲမှာသုံးတဲ့ အသေးစိတ်ပစ္စည်းတွေကို ၀ယ်တယ်"

ဒါက လက်နက်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီကို အကူအညီပေးနေတဲ့ နိုင်ငံတွေအကြောင်းကို ပြောပြသွားတာပါ။ နောက်တစ်ပိုင်းက လေကြောင်းက တိုက်ခိုက်မှုတွေအတွက် ဘယ်နိုင်ငံတွက ကူညီနေကြပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လေယာဥ်များကို စစ်လက်နက်ပစ္စည်းများ တပ်ဆင်ပေးရတဲ့ လက်နက်ကျွမ်းကျင်သူ တပ်ကြပ်ကြီး တစ်ဦးဖြစ်တဲ့ တပ်ကြပ်ကြီး နောင်ရိုးက တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေဖြစ်တယ်လို့ ပြောပါတယ်။

"ကျွန်တော်ထွက်မလာခင်အထိက ရုရှားရယ်၊ အိန္ဒိယရယ်။ အိန္ဒိယဆို အဓိက အမောင်းသင်တာပေါ့။ ကျွန်တော်သိသလောက်ဆို အမျိုးသမီး ဒုတိယဗိုလ်မှူးကြီး တစ်ယောက်တောင် ပါတယ်။ ပိုင်းလော့တွေကိုသင်ပေးတာ။ တရုတ်ကကျတော့ ပြင်ဆင်မှုအပိုင်းပေါ့နော်။ ဗုံးတပ်ဆင်တာတို့ ဘာတို့ပါတယ်။ ရုရှားကျတော့ သူတို့လေယာဥ်တွေ အများဆုံးသုံးတာကို။ တိုက်ပွဲတွေသွားပြီးပြန်လာရင် ထိခိုက်လာတာတွေကို ချက်ခြင်းပြင်တာ MI35 တို့၊ ဘာတို့ပေါ့"

ခုလိုစစ်ကောင်စီတပ်မှာ နိုင်ငံခြားအကူအညီများရယူထုတ်လုပ် အသုံးပြုနေတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်လုပ်လို့ မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။