စစ်ရေးတစ်ဆင့်တက်ဖို့ စစ်ကောင်စီကြိုးပမ်းနေကြောင်း ပညာရှင်သုံးသပ်

Zachary Abuza ရေးသားပြီး ခက်မာ ဘာသာပြန်ဆိုသည်
2024.06.27
စစ်ရေးတစ်ဆင့်တက်ဖို့ စစ်ကောင်စီကြိုးပမ်းနေကြောင်း ပညာရှင်သုံးသပ် ၂ဝ၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: AFP

မြန်မာစစ်တပ်ဟာ တစ်ဆင့်ပြီးတစ်ဆင့် ဆိုးဝါးလာတဲ့ အခြေအနေတွေကြားကပဲ နောက်ထပ်တိုက်ပွဲတွေအတွက် ပြင်ဆင်နေတယ်လို့ RFA ရဲ့ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်တဲ့ ဝါရှင်တန်အမျိုးသားစစ်တက္ကသိုလ်က အရှေ့တောင်အာရှနိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာပြဿနာတွေကို အထူးပြုလေ့လာသူ ပါမောက္ခ ဒေါက်တာ ဇက်ခါရီ အဘူဇာက သုံးသပ်ထားပါတယ်။

အာဏာသိမ်းမှုဟာ သုံးနှစ်ခွဲနီးပါးကြာလာပြီးတဲ့နောက် တရားဝင်ဖြစ်မှု ဘယ်တုန်းကမှ မရခဲ့တဲ့စစ်တပ်ဟာ နယ်မြေပိုင်နက်တွေကိုတော့ ဆက်ပြီးဆုံးရှုံးနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ သူ့ဘက်က အသာစီးရနေသလို အမြဲပြုမူဆောင်ရွက်နေပြီး အဲဒီလို လုပ်ဆောင်မှုတွေဟာ ပိုမိုဆိုးဝါးများပြားလာတဲ့ အရေးပေါ်အခြေအနေတွေကို ထပ်ဆောင်းပေးသလို ဖြစ်စေတယ်လို့ ဇက်ခါရီ အဘူဇာက သူ့ရဲ့ဆောင်းပါးအဖွင့်မှာ ဖော်ပြထားပါတယ်။

ပထမအနေနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ထမ်းဆောင်ဆဲ စစ်တပ်အရာရှိတွေရဲ့နေရာကို ရည်မှန်းချက်ကြီးတဲ့ အလိုတော်ရိတွေနဲ့ အစားထိုးလိုက်တဲ့အတွက် စစ်တပ်ထိပ်ပိုင်းအရာရှိတွေကြားမှာ အရှုပ်အထွေးတွေ ပြင်းထန်လာခဲ့ပါတယ်။ နောက်ဆုံးရာထူးအပြောင်းအလဲမှာ အရာရှိ အယောက် ၃၀ လောက်ကို နေရာရွှေ့ပြောင်းလိုက်ပါတယ်။

ငွေကြေးဖောင်းပွမှု၊ ငွေတန်ဖိုး ပြောင်းလဲမှု၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ထွက်ခွာသွားတာကြောင့် စီးပွားရေးဟာ ဆက်လက်ကျဆင်းနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေ အဆမတန်တက်လာတဲ့အတွက် အစားအစာမလုံလောက်မှုကလည်း ကြီးမားသည်ထက် ကြီးမားလာပြီး မကြာခင်ကာလအတွင်း အခြေအနေတွေ ပြန်တည်ငြိမ်လာမဲ့လမ်း မမြင်ရတာဟာ စစ်တပ်ကို ပိုပြီး ကြမ်းကြမ်းတမ်းတမ်းပြုမူလာစေဖို့ တွန်းအားပေးသလိုဖြစ်နေတာကို ဒုတိယအချက်အနေနဲ့ ဖော်ပြထားပါတယ်။

တတိယကတော့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေဆုံးရှုံးမှုနဲ့ လက်နက်ချတာ၊ ဘက်ပြောင်းတာတွေကြောင့် စစ်တပ်ဟာ လေကြောင်းက ဗုံးကြဲတာနဲ့ တာဝေးပစ်အမြောက်တွေနဲ့ တိုက်ခိုက်မှုအပေါ် မှီခိုအားထားလာရတာပါပဲ။

၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ မေလအထိ စစ်တပ်ဟာ အရပ်သားတွေကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း နှစ်ထောင်နီးပါး ပြုလုပ်ခဲ့ပါတယ်။ နယ်မြေတွေကို ဆက်လက်စိုးမိုးဖို့ အင်အားမလုံလောက်တော့ချိန်မှာ တော်လှန်ရေးအုပ်စုတွေအတွက် ပြည်သူရဲ့ ထောက်ပံ့မှုကိုတားဆီးဖို့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြိုးစားတာဖြစ်တယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကို ခန့်မှန်းထားတာထက် ပိုလုပ်ဆောင်နေရပေမဲ့ လေယာဉ်အရေအတွက် အကန့်အသတ်၊ အပိုပစ္စည်း ပြတ်လပ်မှုတွေကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကို ရေရှည်ဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ ဒေါက်တာ အဘူဇာက သုံးသပ်ပါတယ်။

၂ဝ၂၄ ခုနှစ် မေလ ၈ ရက်နေ့က လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ပျက်စီးသွားသည့် တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က ရငဲကျေးရွာ တိုက်နယ်ဆေးရုံအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဒေါနတနင်္သာရီ)
၂ဝ၂၄ ခုနှစ် မေလ ၈ ရက်နေ့က လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ပျက်စီးသွားသည့် တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က ရငဲကျေးရွာ တိုက်နယ်ဆေးရုံအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဒေါနတနင်္သာရီ)

စစ်တပ်ဟာ မြို့ကြီးတွေကို ဆက်လက်ချုပ်ကိုင်ဖို့အတွက် အင်အားအပိုတွေ ထပ်ဆောင်းသုံးနေရတာကိုတော့ စတုတ္ထအချက်အဖြစ် ဖော်ပြထားပါတယ်။ စစ်တပ်ဟာ မြို့ပေါင်း ၆၀ ကျော်ကို ဆုံးရှုံးပြီး နိုင်ငံရဲ့တစ်ဝက်လောက်ကို မထိန်းချုပ်နိုင်တော့ပေမဲ့ လူဦးရေရဲ့ သုံးပုံနှစ်ပုံကိုတော့ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနီးနီးကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားပြီဖြစ်ပြီး စစ်ကောင်စီဟာ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ မကျဆုံးစေဖို့အတွက် ရေလမ်းကနေ တပ်အင်အား ဖြည့်တင်းနေရတယ်လို့ ဆိုပါတယ်။

အဲဒီလိုတွေရှိပေမဲ့ နောက်ထပ်တိုက်ပွဲတွေမှာ အခြေအနေပိုကောင်းလာရေး စစ်ကောင်စီရဲ့ဆောင်ရွက်ချက်တွေကို မြင်ဖို့က အရေးကြီးတယ်လို့ ဆောင်းပါးရဲ့အဓိကအချက်အဖြစ် ဒေါက်တာ အဘူဇာက ထောက်ပြထားပါတယ်။ အဲဒါတွေကတော့ စစ်ဆင်ရေးဆိုင်ရာဆောင်ရွက်မှုနှစ်ခုနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာလှုပ်ရှားမှုနှစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်းနဲ့ အရင်းအမြစ်နည်းပါးမှုကြောင့် စစ်တပ်ဟာ တိုင်းရင်းသားကြီးစိုးတဲ့ နယ်စပ်ဒေသအမြောက်အမြားကို လက်လွှတ်ခဲ့ရပါတယ်။ ၂၀၂၄ ဇန်နဝါရီကနေ မေလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ စစ်ကောင်စီ တပ်စခန်းပေါင်း ၂၁၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်က တပ်စခန်း ၆၃ ခု၊ ကချင်ပြည်နယ်က ၁ဝ၃ ခု၊ ရှမ်းပြည်နယ်က ၁၉ ခု၊ ကရင်ပြည်နယ်က ၁၂ ခု၊ ချင်းပြည်နယ်က ရှစ်ခု၊ မန္တလေးတိုင်းက လေးခု၊ မွန်ပြည်နယ်က သုံးခု၊ တနင်္သာရီတိုင်းက နှစ်ခု၊ ကယားပြည်နယ်၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းက တစ်ခုစီ ဖြစ်ပါတယ်။

၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့က သိန္နီမြို့နယ် ရဲစခန်းကို သိမ်းယူအပြီး ကိုးကန့်တပ်မတော် (MNDAA)မှ တပ်ဖွဲ့ဝင်များ ရဲစခန်းရှေ့ နေရာယူထားသည့်မြင်ကွင်းအား MNDAA အဖွဲ့မှ ထုတ်ပြန်စဉ်။ (Photo: The Kokang)
၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့က သိန္နီမြို့နယ် ရဲစခန်းကို သိမ်းယူအပြီး ကိုးကန့်တပ်မတော် (MNDAA)မှ တပ်ဖွဲ့ဝင်များ ရဲစခန်းရှေ့ နေရာယူထားသည့်မြင်ကွင်းအား MNDAA အဖွဲ့မှ ထုတ်ပြန်စဉ်။ (Photo: The Kokang)

မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ တိုင်းဒေသကြီးက တော်လှန်ရေးအဖွဲ့တွေကို ဖြိုခွဲဖို့အတွက်လည်း စစ်တပ်ဟာ ရက်ရက်စက်စက်၊ ပြင်းပြင်းထန်ထန် ကြိုးစားနေပါတယ်။ တကယ်လို့ အဲဒီရည်မှန်းချက်ပြည့်ခဲ့ရင် ခြောက်သွေ့ဇုန်ဖြစ်တဲ့ အဲဒီဒေသတွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေအတွက် စစ်တပ်ဟာ စိုးရိမ်စရာမရှိတော့ဘဲ တန်ပြန်ထိုးစစ်ဆင်ပြီး အနိုင်ယူမဲ့ဗျူဟာကို ပြန်သွားနိုင်ရေးဟာ နံပါတ်တစ် နည်းလမ်းဖြစ်တယ်လို့ ဆောင်းပါးရှင်က ရေးသားထားပါတယ်။

အဲဒီနံပါတ် တစ်အချက်ဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတို့နဲ့ ကုန်သွယ်ရေးမှာ အဓိကလမ်းကြောင်းဖြစ်တဲ့ မြဝတီ-မူဆယ်လမ်းနဲ့ အမှတ် (၁) အာရှလမ်းမကြီးကို ပြန်ထိန်းချုပ်ဖို့အတွက် အင်အားအများအပြားဖြည့်တင်းပြီး ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ နံပါတ် နှစ် အားထုတ်မှုကို ဦးတည်စေတယ်လို့ ချိတ်ဆက်ပြပါတယ်။

တရုတ်က ကြားဝင်ပြီး အပစ်အခတ်ရပ်စဲရေးကြိုးစားထားပေမဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းပြည်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် မကျိုးပျက်စေဖို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က နေပြည်တော်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဆွေးနွေးခဲ့ပေမဲ့ စစ်ကောင်စီဟာ မူဆယ်အမှတ် (၃) လမ်းမကြီး ပြန်ဖွင့်စေရေးအတွက် ထိုးစစ်ဆင်ဖို့ လားရှိုးမှာ စစ်အင်အားဖြည့်တင်းနေတာကို ထောက်ပြပါတယ်။

၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က ငွေလဲကောင်တာတစ်ခုတွင် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ အရောင်းအဝယ်ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ (Photo: AFP)
၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က ငွေလဲကောင်တာတစ်ခုတွင် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ အရောင်းအဝယ်ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ (Photo: AFP)

နံပါတ် သုံး အချက်ကတော့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ လျော့နည်းပြတ်တောက်ခဲ့တာကြောင့် စစ်ကောင်စီဟာ လက်နက်တွေကို ပြည်တွင်းမှာပဲ တိုးမြှင့်ထုတ်လုပ်လာပါတယ်။ မကွေးတိုင်းထဲမှာ အများဆုံးရှိတဲ့ စစ်ကောင်စီရဲ့လက်နက်စက်ရုံတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေရဲ့ လက်က လွတ်နေဆဲဖြစ်တယ်လို့ ဇက်ခါရီအဘူဇာက သူ့ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။ အဲဒီစက်ရုံတွေကနေ လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက်တွေအပြင်၊ ပေါင် ၂၅ဝ နဲ့ ပေါင် ၅ဝဝ ဗုံးတွေကိုပါ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ မကြာခင်ထုတ်ပြန်မယ့် အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ လက်နက်ခဲယမ်းအသစ်တွေ ထုတ်လုပ်ရေးအတွက် တရုတ်နိုင်ငံက အကူအညီပေးနေတာကို ဖော်ပြထားတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံပိုင်လုပ်ငန်းစုကြီးဖြစ်တဲ့ NORINCO ဟာ လောင်စာဖြည့်ဗုံးနဲ့ လေကြောင်းကနေ ကြဲချရတဲ့ ဗုံးတွေထုတ်လုပ်ဖို့အတွက် ရှေ့ပြေးပုံစံနဲ့ ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေကို ပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။ အဲဒီဗုံးအမျိုးအစားတွေကို ၂၀၂၃ ခုနှစ်ဧပြီလကတည်းက စစ်ကိုင်းတိုင်းက ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ အသုံးပြုခဲ့ပြီး အဲဒီ ဗုံးကြဲတိုက်ခိုက်မှုမှာ ကလေးငယ်တွေအပါအဝင်လူပေါင်း ၁၆၅ ယောက် သေဆုံးခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုစွမ်းရည်နှင့် ပတ်သက်တဲ့ လေ့လာချက် နောက်ဆက်တွဲအစီရင်ခံစာမှာ တရုတ်နိုင်ငံဟာ အဲဒီထုတ်လုပ်မှုတွေကိုကူညီဖို့ နည်းပညာရှင်တွေကို စေလွှတ်ခဲ့တယ်လို့ တွေ့ရှိရပါတယ်။ တရုတ်ဒီဇိုင်းနဲ့ထုတ်လုပ်တဲ့ ဒရုန်းနဲ့လက်နက်ခဲယမ်းတွေကို မြန်မာစစ်တပ်က အသုံးပြုနေပြီဖြစ်တဲ့အကြောင်း ရိုက်တာသတင်းဌာနကလည်း ဖော်ပြခဲ့ပြီးဖြစ်ပါ တယ်။

စစ်တပ်ဟာ ဒရုန်းတိုက်ခိုက်မှုတွေကို ဆက်လက်လေ့ကျင့်ပြီး ရှေ့တန်းတိုက်ခိုက်ရေးတွေကို အရှိန်မြှင့်သွားမှာ ဖြစ်တယ်လို့လည်း ဒေါက်တာ အဘူဇာက ရေးသားထားပါတယ်။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က လူလေးဦးသေဆုံးခဲ့တဲ့ TNLA ကို ဒရုန်းနဲ့တိုက်ခိုက်မှုကို ထောက်ပြထားပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက(၅) လေ့ကျင့်နေကြသည့် စစ်မှုထမ်းရန် ရွေးချယ်ခံထားရသူများအား ၂ဝ၂၄ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Pyithisit/Telegram)
ဧရာဝတီတိုင်း၊ ပုသိမ်ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက(၅) လေ့ကျင့်နေကြသည့် စစ်မှုထမ်းရန် ရွေးချယ်ခံထားရသူများအား ၂ဝ၂၄ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Pyithisit/Telegram)

နံပါတ် လေး အချက်အဖြစ် စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေနဲ့ အငြိမ်းစားစစ်မှုထမ်းတွေကို တပ်တွင်းမှာ ပြန်လည်တာဝန်ထမ်းဆောင်စေတဲ့ အစီအစဥ်ကို အရှိန်မြှင့်နေတာကို ဖော်ပြထားပါတယ်။ စစ်မှုထမ်းဖို့ လူစုဆောင်းရာမှာ ပါဝင်ကူညီတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈ဝ ကျော်အ သတ်ခံရပြီးဖြစ်ပေမဲ့ စစ်ကောင်စီဟာ တစ်လကို လူ ငါးထောင် စုဆောင်းရမယ်ဆိုတဲ့ သတ်မှတ်ချက်ပြည့်မှီရေး ဆက်လက်ကြိုးစားနေဆဲဖြစ်ပါတယ်။

တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းမှာ အမျိုးသမီးစစ်မှုထမ်းတွေ စတင်စုဆောင်းနေတဲ့သတင်းကို RFA မြန်မာဌာနက ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ စစ်မှုထမ်းဟောင်းတွေအနေနဲ့ အသက် ၆၇ နှစ်အထိ ပြန်လည်တာဝန်ထမ်းဆောင်နိုင်ပြီး စစ်ကောင်စီဟာ အတွေ့အကြုံရှိတဲ့ စစ်မှုထမ်းတွေကိုပြန်လည်အသုံးချချင်တာ၊ လူသားဒိုင်းနဲ့ စစ်မြေပြင်မှာ ပစ္စည်းသယ်ယူရေးလုပ်သားအဖြစ် ပေါ်တာဆွဲအသုံးချချင်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအတွက်တော့ သူဆင်နွှဲနေတဲ့ စစ်အတွင်းမှာ အရေအတွက်ဟာ အရည်အချင်းပဲ ဖြစ်ပါတယ်။

ထောက်ပံ့ပို့ဆောင်ရေးနဲ့ လူအင်အားဖြည့်ဆည်းမှုဟာ နိုင်ငံအလယ်ပိုင်းက တိုက်ခိုက်မှုတွေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်တွေကို ပံ့ပိုးပေးလိမ့်မယ်လို့ စစ်ကောင်စီက ယူဆထားကြောင်း ဆောင်းပါးရှင် ဇက်ခါရီအဘူဇာက ရေးသားဖော်ပြထားပါတယ်။

(မှတ်ချက်။ ဇက်ခါရီ အဘူဇာသည် Zachary Abuza သည် ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားစစ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး Georgetown University ၏ တွဲဖက်ပါမောက္ခလည်း ဖြစ်သည်။ ဤဆောင်းပါးတွင် ဖော်ပြထားသော အမြင်များသည် ၎င်း၏ကိုယ်ပိုင်အမြင်များဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဌာန၊ အမျိုးသားစစ်တက္ကသိုယ်၊ Georgetown တက္ကသိုလ် သို့မဟုတ် Radio Free Asia တို့၏ ရပ်တည်ချက်ကို မထင်ဟပ်ပါ။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။