ချောင်းဦးမှာ စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၁၁ ဦး အထိရှိလာ

RFA Burmese
2025.02.27
ချောင်းဦးမှာ စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၁၁ ဦး အထိရှိလာ ချောင်းဦးမြို့နယ်၊ ချောင်းမရွာနှင့် နွယ်ခွေရွာအား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုအပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Chaung U Revolution News - CRN Photo

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းမရွာနဲ့ နွယ်ခွေရွာကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် အရပ်သားဆယ်ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတာအပြင် စက်တပ်လေထီးသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ချောင်းမကျေးရွာက အမျိုးသမီး ခုနစ်ယောက်နဲ့ အမျိုးသား တစ်ယောက် စုစုပေါင်း ရှစ်ယောက် သေတယ်။ နွယ်ခွေရွာမှာ လက်နက်ကြီးပစ်လို့ အမျိုးသား တစ်ဦး သေဆုံးတယ်။ ဆားလင်းကြီးက ခရီးသွားပြည်သူ အမျိုးသား တစ်ဦး စစ်ကြောင်းနဲ့တွေ့ပြီး ပစ်သတ်ခံရတယ်။ ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက ကင်းတာဝန်ထမ်းဆောင်ရင်းနဲ့ စစ်ကြောင်းနဲ့ ပက်ပင်းတွေ့တယ်။ အပြန်အလှန်ပစ်ခတ်မှုလုပ်ပြီး ပစ်သတ်ခံလိုက်ရတယ်"

သေဆုံးတဲ့ အရပ်သားတွေထဲမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေး နှစ်ဦး ပါဝင်ပြီး အများစုဟာ အသက် ၃၀ အရွယ်တွေဖြစ်ပြီး အသက် ၇၀ အရွယ်လည်းပါတယ်လို့ သူက ပြောပါတယ်။ လုံခြုံရေးအခြေအနေကြောင့် သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်ကို ဒေသခံတွေက မပြောကြပါဘူး။

အဲဒီနေ့မှာပဲ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နောက်ထပ် အရပ်သား ရှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်တာအပြင် ချောင်းဦးမြို့ပေါ်ကနေ စစ်ကောင်စီတပ် အင်အားခြောက်ဆယ်ခန့်နဲ့ ချောင်းမရွာကို စစ်ကြောင်းထိုးချိန် မြပုလဲစစ်ကောင်စီတပ်စခန်းဂိတ်က လက်နက်ကြီးနဲ့ ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ချောင်းမရွာနဲ့ အိမ်ခြေ ၄၀၀ ခန့်ရှိတဲ့ နွယ်ခွေရွာတို့ဟာ ချောင်းဦးမြို့နဲ့ လေးမိုင်ကျော်အကွာမှာ ရှိပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဒီမနက်မှာလည်း ချောင်းဦးမြို့မြောက်ဘက် သုံးမိုင်ခန့်မှာရှိတဲ့ စစ်ကောင်စီတပ်ဂိတ်ကနေ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို ပါရာမော်တာ (Paramotor) လို့ခေါ်တဲ့ လူစီးစက်တပ်လေထီးတွေ ပျံဝဲနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

RFA စာရင်းအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၀၀ ကျော် (၁၇၆၉ ဦး) သေဆုံးပြီး ၃၇၀၀ ကျော် (၃၇၂၀ ဦး) ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။