ကသာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၉ ဦး ဖမ်းဆီးခံရ
2025.03.17
စစ်ကိုင်းတိုင်း၊ ကသာမြို့ပြင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဆက်ရက် တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၉ ဦးကို ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေတဲ့ နီးစပ်သူတွေက မတ်လ ၁၇ ရက်နေ့မှာ ပြောပါတယ်။
ကသာအခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၃၀၉) တပ်ရင်းကနေ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာချိန် ကသာမြို့ပြင် နတ်ရေတွင်းနဲ့ ပင်းမလွတ်ရွာ အနီးတစ်၀ိုက်မှာ မတ်လ ၁၅ နဲ့ ၁၆ ရက် နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲက နှစ်ရက်ဆက်တိုက်ဖြစ်တာ။ ၁၅ ရက်နေ့က တစ်နေ့လုံး၊ ၁၆ ရက်နေ့လည်း သုံးနာရီလောက်အထိဖြစ်တာ။ ကသာတစ်မြို့နယ်လုံးမှာတောင် ဒီတိုက်ပွဲက အကြီးကျယ်ဆုံးလို့တောင် ပြောလို့ရတယ်။ စစ်ကောင်စီတပ်ဖွဲ့ ၂၉ ယောက်လည်း ဖမ်းမိတယ်။ လက်နက်တွေလည်း သိမ်းမိတာရှိတယ်"
ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား ၂၉ ဦးထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ပါဝင်တယ်လို့ သူကပြောပါတယ်။
တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နှစ်ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေရှိပေမဲ့ အသေးစိတ်ကို မသိရသေးပါဘူး။
စစ်ကောင်စီတပ် စစ်ကြောင်းဟာ မတ်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ ခမရ (၃၀၉) တပ်ရင်းဘက်ကို ပြန်ဝင်သွားတာကြောင့် မတ်လ ၁၇ ရက်နေ့မှာတော့ တိုက်ပွဲမရှိဘဲ ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မတ်လ ၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အင်အားနှစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး အပါအဝင် ၁၄ ဦးကို ဖမ်းမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။