နွားထိုးကြီးတိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်မှူး အပါအဝင် သုံ့ပန်း ၁၄ ဦး PDF ဖမ်းဆီး
2025.03.11

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အင်အားနှစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး အပါအဝင် ၁၄ ဦးကို ဖမ်းမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် (၁) စစ်ဒေသက မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာရဲစခန်းကနေ ထွက်လာတဲ့ စစ်ကြောင်းကို မတ်လ ၉ ရက်နေ့မှာ မြင်းခြံခရိုင် PDF တပ်ရင်း (၄)၊ (၁၀)၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ကျတွင်းဘိုးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းက ဗိုလ်မှူး ဝင်းလှိုင်ဦး၊ ဗိုလ်ကြီး အောင်ကိုကို အပါအဝင် စစ်ကောင်စီတပ်သားစုစုပေါင်း ၁၄ ဦးကိုလည်း ဖမ်းဆီးရမိတယ်လို့ ဖော်ပြပါတယ်။
သေနတ် ၄၄ လက်၊ လက်နက်ငယ်ကျည် တစ်သောင်းကျော်၊ လက်နက်ကြီးကျည်၊ လက်ပစ်ဗုံး၊ ဆက်သွယ်ရေးစက် စတဲ့ စစ်ဘက်အသုံးအဆောင်တွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နှစ်ဦး သေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲပြီးလို့ ရှင်းလင်းရေးလုပ်နေချိန် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံး၊ ထိခိုက်ခဲ့တာလို့ နွားထိုးကြီးအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ရင်ဆိုင်တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က မထိဘူး။ တိုက်ပွဲပြီးတဲ့အချိန်မှာ လေယာဉ်နဲ့ လာကြဲချိန်မှာ ထိတာ။ သူတို့ သုံ့ပန်းတွေလည်း ထိတာပဲ။ လေယာဉ်နဲ့ကြဲလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နှစ်ယောက် ကျတယ်။ ဒဏ်ရာရသူ ငါးယောက်လောက် ဆေးရုံပို့ထားရတယ်။ လက်ရှိကတော့ စစ်ရေးတင်းမာနေတယ်။ အခုလည်း လေယာဉ်တွေ ဝဲနေတယ်"
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ်မှာ အင်အားငါးဆယ်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်သား ၂၂ ဦး သေဆုံးပြီး ရှစ်ဦး ဖမ်းမိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။