ဝက်လက်နဲ့ မင်းကွန်းဒေသက သာသနိက အဆောက်အအုံတွေ ဗုံးကြဲတိုက်ခိုက်ခံရ

RFA Burmese
2025.03.21
ဝက်လက်နဲ့ မင်းကွန်းဒေသက သာသနိက အဆောက်အအုံတွေ ဗုံးကြဲတိုက်ခိုက်ခံရ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် သာသနိကအဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို မတ်လ ၂၁ ရက်နေ့မှာ ပြောပါတယ်။

မတ်လ ၂၀ ရက် မနက်ပိုင်းက ဝက်လက်မြို့နယ်၊ စဥ့်ကိုင် (မြောက်) ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်းထဲက အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝက်လက်ဒေသခံတစ်ဦးက ပြောပါတယ်။

"မနက် ၉ နာရီလောက်မှာ ဗုံးလာကြဲသွားတယ်။ ဘုန်းကြီးကျောင်းထဲက ဇရပ်လို အဆောင်တစ်ခု ပျက်စီးသွားတယ်။ တိုက်ပွဲလည်း မရှိဘူး။ ကာကွယ်ရေးတပ်လည်း မရှိဘူး"

မတ်လ ၁၆ ရက်နေ့ကလည်း စဥ့်ကိုင် (မြောက်) ရွာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားကလေးတစ်ဦးအပါအဝင် အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို မတ်လ ၁၉ ရက်နေ့ ညမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် မင်းကွန်းပုထိုးတော်ကြီးအနီးက ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်ရပ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ရတဲ့အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

RFA ရဲ့ စာရင်းတွေအရ အာဏာသိမ်းလေးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ဘာသာရေးအဆောက်အအုံ ရှစ်ရာနီးပါး တိုက်ခိုက်ခံရပြီး ဒီအထဲ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေအပြင် ခရစ်ယာန်ဘုရားကျောင်းနဲ့ ဗလီတွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။