နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်မှုအတွက် တရားမျှတမှုရအောင်လုပ်မယ်လို့ NUG ပြော
2025.03.23

နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေအတွက် တရားမျှတမှုရဖို့ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ ဆေးခန်းကို စစ်ကောင်စီက မတ်လ ၂၂ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေါက်တာ မြစိုးအောင်၊ ဇနီးဖြစ်သူ အထက်တန်းသူနာပြု ဒေါ်ခိုင်နှင်းဝေနဲ့ အသက် ၅ နှစ်အရွယ် သားငယ် အပါအဝင် အရပ်သား ၁၁ ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒေါက်တာ မြစိုးအောင်နဲ့ ဇနီးဖြစ်သူတို့ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံကနေ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့သူတွေဖြစ်ပြီး သေဆုံးချိန်မှာ ဒေါ်ခိုင်နှင်းဝေဟာ ကိုယ်ဝန်လေးလ လွယ်ထားရတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
သေဆုံးထိခိုက်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေအတွက် ဝမ်းနည်းရသလို စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်းပြီး လေးနှစ်အတွင်း စစ်ကောင်စီဟာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် အကြိမ်ပေါင်း ၁၆၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် ဆေးရုံနဲ့ ဆေးပေးခန်း ၃၆၅ ခု ပျက်စီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၁၃၇ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။