မြိုင်မှာလေကြောင်း တိုက်ခိုက်ခံရတာကြောင့် သုံးဦးသေ ဆယ်ဦးဒဏ်ရာရ

RFA Burmese
2025.03.15
မြိုင်မှာလေကြောင်း တိုက်ခိုက်ခံရတာကြောင့် သုံးဦးသေ ဆယ်ဦးဒဏ်ရာရ မြိုင်မြို့နယ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့က တွေ့ရစဥ်။
Facebook/We Love Myaing

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ဝယ်တောင်ရွာနဲ့ ဆူးဝင်းရွာကို မတ်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုရင်တစ်ပါး အပါအဝင် သုံးဦးသေဆုံးကာ ဆယ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ဂျက်တိုက်လေယာဉ် သုံးစင်းနဲ့ ဆူးဝင်းရွာနဲ့ ဝယ်တောင်ရွာတို့ကို မိနစ်သုံးဆယ်နီးပါးအကြာ လေကြောင်းကနေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုရင်တစ်ပါးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦးတို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ထိခိုက်ဒဏ်ရာရတဲ့ ဆယ်ဦးအထဲမှာ ဘုန်းကြီးတစ်ပါးလည်း ပါတယ်။ ကျန်တာကတော့ အရပ်သားတွေပဲ။ သူတို့ကို ဆေးကုသမှု ပေးနေပါတယ်။ နေအိမ်တွေနဲ့ ဝယ်တောင် ဘုန်းကြီးကျောင်းလည်း မီးလောင်ပျက်စီးသွားတယ်”

လေကြောင်း ပစ်ခတ်ခံရတဲ့ ကျေးရွာတွေဟာ တိုက်ပွဲဖြစ်ပွားနေတာ မရှိသလို ပြည်သူ့ကာကွယ်ရေးတပ်တွေ နေထိုင်တာမျိုးလည်း မရှိဘူးလို့ သူက ဆိုပါတယ်။

ဒါ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဝယ်တောင်ရွာနဲ့ ဆူးဝင်းရွာက ဒေသခံ တစ်ထောင်နီးပါးလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။