လေကြောင်းတိုက်ခိုက်မှုကြောင့် မုံရွာနဲ့ ချောင်းဦး ဒေသခံ ငါးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ
2025.02.15

စစ်ကိုင်းတိုင်းအတွင်းက မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်ထဲက ရွာတွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်းက စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်နေတာကြောင့် ရွာပေါင်း ၁၂ ရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကစပြီး ဒီကနေ့ နေ့လယ်ပိုင်းအထိ လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်ကနေလည်း ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေ တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် မုံရွာမြို့နယ်က ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ဘုဘ၊ ဂျိုးစု၊ ဝဲကြီးရွာ၊ ကျွန်းကြီးကျေးရွာနဲ့ ချောင်းဦးမြို့နယ်က ရှမ်းထူး၊ ကုလားကြီး၊ ထန်းတောကြီး၊ ပေါက်အင်း၊ အင်းမနဲ့ တောင်ဖီလာရွာမှာ နေထိုင်တဲ့ ဒေသခံတွေ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။
ချောင်းဦးမြို့နယ်ကကျေးရွာတွေကို ဖေဖော်ဝါရီ ၁၅ ရက် ဒီကနေ့နေ့လယ်ပိုင်းအထိ စက်တပ်လေထီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"မုံရွာနမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်)က မနေ့ကတည်းက စက်တပ်လေထီးနှစ်စီးနဲ့ မုံရွာချောင်ဦး နယ်စပ် ကျေးရွာတွေကို ဗုံးသီးတွေလိုက်ပြီး ကြဲချတိုက်ခိုက်နေတာ၊ အခု မေးနေတဲ့အချိန် ချောင်းဦးမှာလည်း ဗုံးသီးတွေနဲ့ လိုက်ချနေတယ်၊ မြေပြင်ကလည်း လက်နက်ကြီးတွေနဲ့ပါပစ်နေတာ၊ မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းကို စစ်ကူလာချပေးတဲ့ စစ်ကြောင်းက အဲဒီနားကရွာတွေကို စစ်ကြောင်းထိုးပြီး မီးပါရှို့သွား တာ၊ ဒါကြောင့် မုံရွာချောင်ဦးနယ်စပ်က ရွာ ဆယ်ရွာကျော်က အရပ်သားပြည်သူတွေ စစ်ဘေးရှောင်နေရတာ"
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မုံရွာနဲ့ ချောင်းဦးမြို့နယ်က အရပ်သား ၁၄ ဦး သေဆုံးကာ လေးဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကလည်း မုံရွာမြို့နယ် တောင်ဘက်ခြမ်းက ထနောင်းတော (တောင်) ရွာဈေးထဲကို စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် (မအူဂိတ်) ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ၁၁ ဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရခဲ့ပါတယ်။
RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။