နောင်ချိုမှာ ဗုံးကြဲလို့ ဒေသခံလေးဦးသေ၊ လေးဦးဒဏ်ရာရ

RFA Burmese
2025.03.28
နောင်ချိုမှာ ဗုံးကြဲလို့ ဒေသခံလေးဦးသေ၊ လေးဦးဒဏ်ရာရ နောင်ချိုမြို့နယ် သုံးဆယ်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မတ်လ ၂၆ ရက်ညနေတွင် တွေ့ရစဉ်။
TNLA

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ရွာသုံးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံလေးဦးသေဆုံးပြီး နောက်ထပ် လေးဦးဒဏ်ရာရတယ်လို့ TNLA က မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

အုမ္မခါးရွာ၊ သုံးဆယ်ရွာနဲ့ ရွှေညောင်ပင်ရွာတွေကို တိုက်လေယာဉ်နှစ်စီးနဲ့ မတ်လ၂၆ရက် ညနေ ၆နာရီခွဲဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် သုံးဆယ်ရွာက အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး အုမ္မခါးရွာက ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သေဆုံးသူတွေက မိသားစုဝင်တွေဖြစ်တယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက RFA ကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နောင်ချိုမြို့  စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို မတ်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာတော်တွေအပါအဝင် ဒေသခံ ၉ ဦးသေဆုံးခဲ့ပြီး ၁၇ ဦးဒဏ်ရာရခဲ့ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၅ မတ်လ ၂၆ ရက်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၃၂၄၃ ဦး သေဆုံးခဲ့ပြီး ၆၄၃၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။