ထီးလင်းမှာ ဗုံးကြဲခံရပြီး လေးဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ

RFA Burmese
2025.03.21
ထီးလင်းမှာ ဗုံးကြဲခံရပြီး လေးဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ မကွေးတိုင်း၊ ထီးလင်းမြို့နယ် အလယ်ဘန်းရွာကို လေကြောင်းတိုက်ခိုက်ခံရသဖြင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံအချို့ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဥ်။
Facebook/ ထီးလင်းမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အလယ်ဘန်းရွာကို မတ် ၂၀ ရက်နေ့ မနက် နှစ်နာရီခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားလေးဦး သေဆုံးပြီး နောက်ထပ် ၂၇ ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အသက် ၈၅ နှစ်အရွယ် ဦးချစ်ထွေး၊ အသက် ၇၆ နှစ်အရွယ် ဒေါ်အေးအေးမော်၊ Grade 12 ကျောင်းသူတွေဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် မသီတာအေးနဲ့ အသက် ၁၈ နှစ်အရွယ် မအိအိဝင်းတို့ သေဆုံးခဲ့တာပါ။

ကလေးငါးဦး အပါအဝင် အရပ်သား ၂၆ ဦးနဲ့ ကျေးရွာကာကွယ်ရေး အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက ခြောက်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

မနက် နှစ်နာရီ လူတွေ အိပ်မောကျနေချိန် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ် သုံးစင်းနဲ့ ဗုံးအလုံးရေး သုံးဆယ်ကျော် ကြဲချခဲ့တာကြောင့် ထိခိုက်သေဆုံးမှု များခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာ မရှိပါဘူး၊ နေ့လယ်နေ့ခင်းဆို လေယာဥ်သံကြားရင် ပုန်းကျင်းထဲ ပုန်းလို့ ရသေးတယ်။ အခုဟာက ညအိပ်ချိန်ဆိုတော့ ထိကုန်တာ၊ အိပ်ချိန်တောင် ပုန်းကျင်းပဲ အိပ်ရမလို ဖြစ်နေပြီ”

ဒီတိုက်ခိုက်မှုကြောင့် နေအိမ်လေးလုံး မီးလောင်ပြာကျခဲ့သလို နောက်ထပ် အလုံးစုံ ပျက်စီးသွားတဲ့နေအိမ် ၁၂ လုံးနဲ့ အမိုးအကာပျက်စီးတဲ့ နေအိမ် လေးဆယ်ကျော် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူသေဆုံးထိခိုက်တာပြင် နွား၊ ဝက် ဆယ်ကောင်ဝန်းကျင် သေဆုံးပြီး နောက်ထပ် သုံးဆယ်ဝန်းကျင် ဒဏ်ရာခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ထီးလင်းမြို့နယ် ပါဝင်တဲ့ ဂန့်ဂေါခရိုင် ယောဒေသမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ မကြာခဏ တိုက်ခိုက်နေကြောင့် ဒေသခံတွေကို ဗုံးခိုကျင်းတွေ တူးကြဖို့၊ လေကြောင်းသတင်း နားစွင့်ကြဖို့ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

ယောဒေသနဲ့ နယ်မြေချင်းတစ်ဆက်တည်းဖြစ်တဲ့ ကလေးမြို့နယ်၊ ကုက္ကိုရွာက စစ်ဘေးဒုက္ခသည်စခန်းကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် ၁၁ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၅ မတ် ၂၀ ရက်နေ့အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၃၅၃၇ ဦး သေဆုံးခဲ့ပြီး ၅၀၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။