မြောင်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် လေးဦး သေဆုံး

RFA Burmese
2025.03.20
မြောင်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် လေးဦး သေဆုံး စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရသည်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။
Facebook/ Ko Nway Oo-Myaung

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က မတ်လ ၁၉ ရက်နေ့မှာ လက်နက်ကြီးပစ်ခတ်တာနဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားလေးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ မြို့ဘေးပတ်ပတ်လည်က ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လှေတင်ဦးရွာနဲ့ ကျည်ကုန်းရွာက အရပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့်လည်း မြောင်မြို့ပေါ်က အရပ်သားနှစ်ဦး ထပ်မံသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

“ဒီနေ့ ၂၀ ရက် မနက်ပိုင်းမှာတော့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေပြီး စက်တပ်လေထီးနဲ့လည်း ပတ်ဝဲနေပြီး ဗုံးကြဲရန် ပစ်မှတ်ရှာနေဆဲလို့ ထင်ရပါတယ်”

သေဆုံး၊ ထိခိုက်သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။

မတ်လ ၁၉ ရက် မနက်ပိုင်းမှာ မြောင်မြို့အနီး စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အခုလို ပြန်လည်တိုက်ခိုက်ခဲ့တာပါ။

အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က မေးမြန်းတဲ့အခါ အစည်းအဝေးရှိနေတာကြောင့် လတ်တလော ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အာဏာသိမ်းချိန်ကနေ မတ်လ ၁၉ ရက်နေ့အထိ အရပ်သား ၃၅၃၁ ဦး သေဆုံးခဲ့ပြီး ၅၀၀၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။