ကလေး၊ ဂန့်ဂေါနဲ့ ငဖဲက ဒေသခံ သုံးသောင်းခန့် ထွက်ပြေးနေရ

RFA Burmese
2025.02.28
ကလေး၊ ဂန့်ဂေါနဲ့ ငဖဲက ဒေသခံ သုံးသောင်းခန့် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်းများကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း တွေ့ရစဉ်။
Photo: RFA

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ငဖဲမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းရန်ကြောင့် ထွက်ပြေးနေရသူ သုံးသောင်းခန့်ရှိတယ်လို့ အကူအညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ဒါဟာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ဟာ ချင်းပြည်နယ်နဲ့နီးပြီး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ဟာ စစ်ကိုင်းတိုင်းနဲ့ နီးသလို မကွေးတိုင်းထဲက ငဖဲမြို့နယ်ဟာ ရခိုင်ပြည်နယ်နဲ့ နီးပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းရော၊ လက်နက်ကြီးနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းခွဲခန့်ရှိတယ်လို့ အကူအညီပေးနေသူ ကိုသူရိန်ဇင်က RFA ကို ပြောပါတယ်။

"စကစရဲ့ လေကြောင်းတိုက်ခိုက်မှုရန်၊ လက်နက်ကြီးရန်ကနေ ဘေးကင်းတယ်လို့ သတ်မှတ်လို့ရတဲ့နေရာတွေမှာ အားလုံးကတော့ စစ်ဘေးရှောင်နေကြပါတယ်။ အနည်းဆုံးပေါ့နော်၊ ကျေးရွာပေါင်း ၁၅ ရွာလောက်ကတော့ အခုလက်ရှိအချိန်ထိတော့ ရွာထဲကို ပြန်ဝင်လို့မရဘဲနဲ့ ဘေးကင်းတဲ့နေရာမှာ ဆက်ရှောင်နေကြရတယ်။ ခန့်မှန်းခြေ စစ်ဘေးရှောင် စုစုပေါင်းကတော့ ကျွန်တော်တို့ကတော့ နှစ်သောင်းခွဲ ခန့်မှန်းထားပါတယ်"

စစ်ဘေးဒုက္ခသည်တချို့ဟာ ဝမ်းရောဂါနဲ့ အရေပြားရောဂါတွေ ခံစားနေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပါ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

"လက်ရှိကာလမှာတော့ စစ်ဘေးရှောင်ဦးရေ များပြားလာတာနဲ့အမျှ နံပါတ်တစ်ကတော့ စားနပ်ရိက္ခာပေါ့နော်၊ နောက်တစ်ခုကတော့ ရေရရှိဖို့ အရေးကြီးတယ်။ နံပါတ်သုံးအနေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်။ မနေ့ကအထိ နေ့တွေ၊ ညတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်တယ်။ ဗုံးကြဲတိုက်ခိုက်မှုမရှိရင် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေက အမြဲတမ်း လုပ်ဆောင်နေတယ်"

ဒါ့အပြင် ဂန့်ဂေါမြို့နယ်က ရွာတွေမှာလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် ဒေသခံ နှစ်ထောင်ထက်မနည်း ထွက်ပြေးနေရပါတယ်။

"စစ်ဘေးရှောင်ဦးရေ များပြားလာတာနဲ့အမျှ နံပါတ်တစ်ကတော့ စားနပ်ရိက္ခာပေါ့နော်၊ နောက်တစ်ခုကတော့ ရေရရှိဖို့ အရေးကြီးတယ်။ နံပါတ်သုံးအနေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်"

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကပဲ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာမှာ လေကြောင်းနဲ့ ဗုံးကြဲခံရတာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာတွေမှာ ဗုံးကြဲဖို့ရှိတဲ့သတင်းကြောင့် ပြည်သူတွေအားလုံးနီပါးက သူတို့နီးစပ်ရာတောတွေ၊ သူတို့အဆင်ပြေမဲ့နေရာ၊ လုံခြုံမယ်လို့ထင်တဲ့နေရာတွေကို စစ်ရှောင်ပြေးကြတာရှိတယ်ဗျ။ တောင်ခင်ရန်းရွာဆိုလည်း အိမ်ခြေက ထောင်ဂဏန်းဝန်းကျင်ရှိမယ်။ နှမ်းခါးတို့၊ မွှေ့လယ်တို့ဘက်ကလည်း အဲဒီလိုမျိုးရှိတယ်ဆိုတော့ လူဦးရေကတော့ ထောင်ချီဂဏန်းပေါ့၊ စစ်ရှောင်ပြေးကြတာတော့ ရှိတယ်ဗျ"

စစ်ဘေးဒုက္ခသည်တွေဟာ နေထိုင်ရေး အခက်အခဲဖြစ်နေသလို ရေမသန့်တာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဥ်။ (Photo: Facebook/ ပခုက္ကူ လူထုတိုက်ပွဲကော်မတီ)
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဥ်။ (Photo: Facebook/ ပခုက္ကူ လူထုတိုက်ပွဲကော်မတီ)

ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာပဲ ရခိုင်ပြည်နယ်နဲ့နီးတဲ့ မကွေးတိုင်းအစပ်က ငဖဲမြို့နယ်၊ လင်းတဲရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ နှစ်ဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမ်း - ပဒါန်း လမ်ဘေးတစ်လျှောက်မှာရှိတဲ့ ရွာအများစုက ဒေသခံနှစ်ထောင်ခန့်လည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"အဓိကကတော့ ကားလမ်းဘေးမှာရှိတဲ့ ကျေးရွာတွေပေါ့။ တချို့ကျတော့လည်း ပဒါန်းဘက်ကိုဆင်းပြီး ရှောင်ကြတာရှိသလို၊ တချို့ကျတော့ ဒီလိုအနီးအနားဝန်းကျင်တွေမှာ ရှောင်နေကြတာမျိုးတွေ ရှိတယ်ဗျ။ ပဒါန်းကနေ အမ်းဘက်ကို သွားတဲ့လမ်းလို့ ပြောလို့ရတယ်။ အဓိက စစ်ကြောင်းထိုးတယ်ဆိုတာထက် လက်နက်ကြီးနဲ့ တိုက်ပွဲဇုန်တွေမှာပါတဲ့အတွက် စိုးရိမ်လို့ ကြိုတင်ရှောင်ရှားကြတာပေါ့"


ဆက်နွှယ်သောသတင်းများ

နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းခွဲနီးပါး စားနပ်ရိက္ခာနဲ့ အကူအညီတွေ လိုအပ်

စစ်ကောင်စီပိတ်ထားလို့ စစ်ကိုင်း၊ ချင်းနဲ့ ရခိုင်ပြည်သူတွေ ဆေးဝါးပြတ်လပ်

နိုင်ငံတစ်ဝန်း ငတ်မွတ်မှုဒဏ်ရင်ဆိုင်နေရသူ ၁၅ သန်းကျော်အထိ မြင့်တက်လာ


အာရက္ခတပ်တော် (AA) ဟာ ငဖဲမြို့နယ်က နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကို တိုက်ခိုက်နေသလို အမ်း - ပဒါန်းလမ်းပိုင်းမှာလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ အခြေအနေ အတိအကျသိရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်နဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။