နိုင်ငံတစ်ဝန်း ငတ်မွတ်မှုဒဏ်ရင်ဆိုင်နေရသူ ၁၅ သန်းကျော်အထိ မြင့်တက်လာ
2025.02.21

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ငတ်မွတ်ခေါင်းပါးမှုဒဏ် ရင်ဆိုင်ရသူ ၁၅ သန်းကျော်အထိ မြင့်တက်လာနေပြီး ပြည်သူတွေသန်းပေါင်းများစွာဟာ ဘေးကင်းလုံခြုံမှုနဲ့ပါ အလှမ်းဝေးနေကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီပမာဏဟာ နိုင်ငံ့လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်း ရှိပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ငတ်မွတ်ခေါင်းပါးမှုဒဏ် ရင်ဆိုင်ရသူ ၁၃ သန်းကျော် ရှိခဲ့ရာကနေ အခုနှစ်မှာ နှစ်သန်းလောက် ထပ်တိုးလာတာလည်း ဖြစ်ပါတယ်။
ပဋိပက္ခနယ်မြေတွေဖြစ်တဲ့ ကချင်၊ ချင်း၊ ရခိုင်နဲ့ စစ်ကိုင်းတို့မှာ စားနပ်ရိက္ခာ မလုံလောက်မှု အများဆုံး ကြုံနေရတာလို့လည်း ဆိုပါတယ်။
"ကလေး ပညာရေး၊ စားဝတ်နေရေး၊ နေရာထိုင်ခင်း အရမ်းကို ကျပ်တည်းလာမှာဖြစ်သောကြောင့် စိတ်ဒဏ်ရာတွေလည်း များစွာခံစားနေရပါတယ်။ ဒီရက်စားပြီး မနက်ဖြန်အဖို့ စဉ်းစားနေရတာကြောင့်ဖြစ်ပါတယ်"
ပဋိပက္ခတွေ ကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာ အကျပ်အတည်းနဲ့ ပိုမိုရင်ဆိုင်လာရတယ်လို့ ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် မရိုစီက RFA ကို ပြောပါတယ်။
"တော်လှန်ရေးကာလ ဆက်လက်ကြာမြင့်လာမယ်ဆိုရင် မတွေးဝံ့စရာတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ကလေး ပညာရေး၊ စားဝတ်နေရေး၊ နေရာထိုင်ခင်း အရမ်းကို ကျပ်တည်းလာမှာဖြစ်သောကြောင့် စိတ်ဒဏ်ရာတွေလည်း များစွာခံစားနေရပါတယ်။ ဒီရက်စားပြီး မနက်ဖြန်အဖို့ စဉ်းစားနေရတာကြောင့်ဖြစ်ပါတယ်"
အရင်က ထမင်းနပ်မှန်ခဲ့ပေမဲ့ အခုနောက်ပိုင်း ဆန်ပြုတ်သောက်ရတဲ့နေ့တွေလည်း ရှိလာနေတယ်လို့ မရိုစီက ပြောပါတယ်။
မရိုစီတို့ မိသားစုဟာ စစ်တပ်အာဏာသိမ်းပြီး သုံးလအကြာ ၂၀၂၁ ခုနှစ်၊ မေလမှာ အဲဒီစစ်ဘေးဒုက္ခသည်စခန်းကို ရောက်လာကြတာပါ။ အရင်က အိမ်ကပါလာတဲ့ ရိက္ခာတွေ၊ အလှူရှင်တွေရဲ့ အကူအညီနဲ့ ရပ်တည်နိုင်ခဲ့ပေမဲ့ အခုတော့ အလှူရှင်တွေလည်း နည်းသွားသလို ဝင်ငွေလည်းမရှိတာကြောင့် အခက်အခဲတွေက တစ်နှစ်ထက်တစ်နှစ် ပိုများလာနေတယ်လို့ ပြောပါတယ်။
စားဝတ်နေရေး အကျပ်အတည်းကို စစ်ဘေးဒုက္ခသည်တွေသာမက မြို့ပေါ် အခြေခံလူတန်းစားတွေလည်း ရင်ဆိုင်နေကြရပြီး ဝင်ငွေထွက်ငွေ မမျှတာကြောင့် မနည်း ခြိုးခြံချွေတာနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မြို့ခံတစ်ဦးဖြစ်တဲ့ ဦးမောင်မောင် (အမည်လွှဲ) ဟာ စစ်အာဏာမသိမ်းခင်က လမ်းဘေးမှာ ကိုယ်ပိုင်မနက်စာဆိုင်လေး ဖွင့်ထားနိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေ တဖြည်းဖြည်း မြင့်တက်လာတာကြောင့် ရောင်းရငွေနဲ့ အမြတ်ငွေနဲ့ မမျှတော့ဘဲ အကြွေးပါတင်လာတာကြောင့် အခုဆိုရင် ဆိုင်ပိတ်ပြီး အစားအသောက်ပို့ဆောင်တဲ့ အလုပ်ကို လုပ်နေရတယ်လို့ ပြောပါတယ်။
"ကုန်ဈေးနှုန်းတွေက တဖြည်းဖြည်းတက်လာတယ်။ ကိုယ်ရတဲ့ အမြတ်နဲ့ အချိုးက မမျှတော့ဘူးလေ။ ကုန်ဈေးနှုန်းက တစ်ရက်တစ်ရက် ကြီးလာတဲ့အခါကျတော့ အများကြီးဝယ်ရတယ်။ ကိုယ်ပြန်ရတာကျတော့ နည်းနည်းလေးပြန်ရတာပေါ့။ အရောင်းအဝယ်ပါးတဲ့ရက်ကျတော့ အရင်းထဲပါတာပေါ့။ အရင်းထဲပါတဲ့အခါကျတော့ ပတ်ဝန်းကျင်ကနေ ချေးတာလေးတွေ လှည့်တာလေးတွေ ရှိတာပေါ့ဗျာ။ ဈေးသည်ဆိုတော့ အကုန် လိုက်လှည့်ရတာပေါ့။ နောက်ပိုင်း အရောင်းအဝယ်တွေ ပါးလာတဲ့အခါကျတော့ ကုန်ဈေးနှုန်းတွေ ကြီးဆိုတော့ ကျွန်တော်လည်း ဆိုင်လေးခဏနားပြီးတော့ ဆိုင်ကို ခဏဖြုတ်လိုက်တာပေါ့နော်။ အပြင် ပါစင်နယ်အလုပ်လေးပေါ့၊ တစ်နေရာမှာဝင်ပြီးတော့ ဝင်လုပ်တာပေါ့နော်။ ရတာလုပ်ရတာပေါ့"
စစ်တပ်အာဏာမသိမ်းခင်က ဈေးရောင်းရငွေ မနက်တစ်ပိုင်းကို ကျပ်နှစ်သောင်းကျော်ရရင် မိသားစု လောက်ငှခဲ့ပေမဲ့ အခုအခါမှာတော့ ကျပ်သုံးသောင်းနဲ့ ငါးသောင်းကြား ရရင်တောင် မလောက်တော့ဘူးလို့ သူကဆိုပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဝင်ငွေထွက်ငွေ လည်ပတ်တာကိုမရှိတော့ဘဲ တစ်နေ့ရှာ တစ်နေ့ကုန်ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။ အခုနောက်ပိုင်းမှာတော့ မိသားစုတွေ အရင်လိုမစားသောက်နိုင်တော့ဘဲ ချွေတာစားသောက်နေတယ်လို့ သူက ဆိုပါတယ်။
အာဏာသိမ်းကာလ ကြာရှည်လာမယ်ဆိုရင် သူ့တို့ဘဝတွေက ရှေ့လျှောက် လွယ်ကူနိုင်စရာမရှိဘူးလို့ ဦးမောင်မောင်က ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
မြန်မာပြည်သူ ၁၅ သန်း ဆင်းရဲငတ်မွတ်မှုဘေး ကြုံရဖွယ်ရှိကြောင်း WFP သတိပေး
ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် ထမင်းနပ်မှန်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရ
ရခိုင်မှာ စစ်ဘေးဒုက္ခသည်ခြောက်သိန်းခန့် စားဝတ်နေရေးခက်ခဲနေ
နိုင်ငံတစ်ဝန်းမှာ အစစအရာရာ ကျပ်တည်းလာတာဟာ စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်ပြီး မူလအခြေအနေကို ပြန်ရောက်ဖို့ နောက်ထပ် အနှစ်နှစ်ဆယ်လောက် ကြိုးစားရနိုင်ဖွယ်ရှိတယ်လို့ ကယားပြည်နယ်မှာ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ပေးနေတဲ့ Clean Yangon အဖွဲ့တည်ထောင်သူ ကိုဇေယျာထွန်းက ပြောပါတယ်။
"ကျွန်တော်တို့ ဒီပြန်ပြီးတော့ အရင်အခြေအနေ ပြန်ရောက်ဖို့ဆိုရင် အနည်းဆုံး ဆယ်နှစ်ကနေ အနှစ်နှစ်ဆယ် ကြိုးစားရင်တောင်မှ၊ မခိုမကပ်ကြိုးစားရင်တောင်မှ ကျွန်တော်တို့ အနည်းဆုံး အနှစ် နှစ်ဆယ်လောက် ကြိုးစားမှကို ရတော့မှာ။ ဒါက လူတစ်စု အာဏာရူးမှုကြောင့် ကျွန်တော်တို့နိုင်ငံ နှစ်နှစ်ဆယ်လောက် အလိုလို နောက်ရောက်သွားတယ်လို့ ခံစားရတယ်"
ပြည်သူတွေကြုံနေရတဲ့ စားနပ်ရိက္ခာ အကျပ်အတည်းတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာတော့ ယာယီ နေရပ်စွန့်ခွာနေရသူတွေအတွက် တစ်ဦးကို တစ်လ ကျပ်နှစ်သောင်းနှုန်းနဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ထောက်ပံ့နေတယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ပြည်သူတွေကို တတ်နိုင်သမျှ အကူအညီတွေ ပေးနေတယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ Strategy မဟာဗျူဟာကတော့ Localization Strategy ပဲ။ Localization ဆိုတာ ပြည်သူနဲ့အနီးစပ်ဆုံးမှာ ပြည်သူတွေကို အကူအညီပေးနေတဲ့၊ မြေပြင်မှာရှိတဲ့ လူသားစာနာလုပ်ငန်းလုပ်နေတဲ့သူတွေပေါ့နော်။ အဓိကအားဖြင့်တော့ CBO/CSO တွေ ရှိတယ်၊ Humanization Actor တွေရှိတယ်။ နောက် ကျွန်တော်တို့ အခုဆိုရင် အုပ်ချုပ်မှုဖော်ဆောင်နေပြီပေါ့။ NUG က တော်တော်များများနေရာတွေမှာ အုပ်ချုပ်မှုဖော်ဆောင်နေတော့ ဒီအုပ်ချုပ်ဖော်ဆောင်နေတဲ့နေရာတွေမှာရှိတဲ့ လူသားစာနာတာဝန်ခံတွေပေါ့။ ဒါတွေကတစ်ဆင့် ကျွန်တော်တို့ ဆောင်ရွက်တယ်"
NUG အနေနဲ့ စာနာမှုအကူအညီတွေပေးတဲ့နေရာမှာ ပြည်သူက ပြည်သူသို့ အကူအညီနဲ့ နိုင်ငံတကာအကူအညီ စတဲ့ နည်းလမ်းနှစ်မျိုးနဲ့ သွားနေတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ဆိုပါတယ်။
ကုလသမဂ္ဂအနေနဲ့ အခုနှစ်အတွက် လူဦးရေ ငါးသန်းခွဲလောက်ကို လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေပေးနိုင်ရန် ရည်မှန်းထားတယ်လို့ UNOCHA ရဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။