မြန်မာနိုင်ငံမှာ လူဦးရေ ၁၃ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရ

RFA Burmese
2024.11.21
မြန်မာနိုင်ငံမှာ လူဦးရေ ၁၃ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရ ကယားပြည်နယ် ဖရူဆိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ

မြန်မာနိုင်ငံက လူလေးဦးမှာ တစ်ဦးနှုန်း ဖြစ်တဲ့ လူပေါင်း ၁၃ ဒသမ ၃ သန်းဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အရင်ထက် ပိုပြီးဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရတယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။

“မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးအချိန်ကို ကျော်ဖြတ်နေကြရပေမဲ့ အံ့သြရလောက်အောင် ကြံ့ကြံ့ခံနိုင်ရည်နဲ့ မျှော်လင့်ချက်တွေရှိကြတာတွေ့ရတော့ ကျွန်တော် တကယ့်ကို အထင်ကြီးလေးစားမိပါတယ်”

နေရာဒေသမရွေးကို WFP ရဲ့ အကူအညီတွေရောက်နိုင်ဖို့ နည်းလမ်းမျိုးစုံ ရှာဖွေမှာ ဖြစ်သလို ဘက်ပေါင်းစုံနဲ့လည်း ဆက်လက်ညှိနှိုင်းဆွေးနွေးမယ်လို့ သူက ပြောပါတယ်။

ပထမ ဦးစားပေးအနေနဲ့ အထောက်အပံ့တွေဟာ အရေးပေါ်အကူအညီလိုနေသူတွေ အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေက လူထုထံ ရောက်ရှိနိုင်ရေး ဖြစ်တယ်လို့ ဆိုပါတယ်။

WFP ရဲ့ အထောက်အပံ့တွေထဲမှာ ပဋိပက္ခဒဏ်ခံစားနေရသူတွေအတွက် အရေးပေါ် အထောက်အပံ့တွေအပြင် ကလေးငယ်နဲ့ မိခင်တွေ၊ HIV/TB ဆေးကုသခံယူနေသူများအကို အာဟာရ အထောက်အပံ့ပေးတာ စတဲ့ အကူအညီတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိက္ခတွေကြောင့် လူဦးရေ ၃ ဒသမ ၅ သန်းနီးပါးဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ WFP က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။