မြန်မာ့လူဦးရေ သုံးပုံတစ်ပုံ အရေးပေါ်အကူအညီလိုအပ်နေကြောင်း ကုလပြော
2025.03.13

မြန်မာ့လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ လတ်တလော စားနပ်ရိက္ခာမလုံလောက်မှုနဲ့ရင်ဆိုင်နေရတဲ့အပြင် ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြည်သူ ၁၉ ဒသမ ၉ သန်း လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂက မတ် ၁၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။
စစ်ကောင်စီဟာ နယ်မြေတွေ လက်လွှတ်လိုက်ရတာနဲ့အမျှ လက်နက်ကိုင်အဖွဲ့တွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အကူအညီပေးတာတွေ ပိတ်ဆို့ထားကြောင်း ကုလသမဂ္ဂပညာရှင်တွေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရောက်ပေးပို့နိုင်ဖို့ ကန့်သတ်တဲ့အပြင် လူသားချင်းစာနာရေးဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် စားနပ်ရိက္ခာ အကျပ်အတည်းက ပိုဆိုးလာတာဖြစ်ကြောင်းလည်း ထောက်ပြထားပါတယ်။
မြန်မာတစ်နိုင်ငံလုံးရဲ့ မြို့နယ် ၉၆ ရာခိုင်နှုန်းမှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် စီးပွားရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်ရတယ်လို့လည်း ဆိုပါတယ်။
၂၀၂၅ ခုနှစ်မှာ ဆန်၊ ဆီ၊ ဆားနဲ့ ပဲ အပါအဝင် အဓိကအားထားပြီး စားရတဲ့ ရိက္ခာဈေးနှုန်း ၃၀ ရာခိုင်နှုန်းအထိ တက်မယ်လို့ မျှော်မှန်းရကြောင်းလည်း ပြောပါတယ်။
စစ်ကောင်စီရဲ့တားမြစ်ပိတ်ဆို့မှုတွေအပြင် ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေက အကျပ်အတည်းကို ပိုဆိုးသွားစေတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
အထူးသဖြင့် နေရပ်ရွှေ့ပြောင်းရတဲ့ ဒုက္ခသည်စခန်းတွေက အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ရိက္ခာမလုံလောက်မှုကို အဆိုးဆုံးကြုံနေရတဲ့အပြင် ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေကြား ကလေးငယ်တွေ သေဆုံးနှုန်းမြင့်မားတာနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဖော်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။