ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံကို ဝိုင်းဝန်းကူညီကြဖို့ ကုလသမဂ္ဂ ပန်ကြား

RFA Burmese
2025.04.06
ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံကို ဝိုင်းဝန်းကူညီကြဖို့ ကုလသမဂ္ဂ ပန်ကြား ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲ Tom Fletcher မန္တလေးမြို့က ငလျင်ဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံစဉ်။ Photos from Tom Fletcher's X
@UNReliefChief

ငလျင်ကြောင့် သေဆုံးသူ ၃၃၅၄ ဦး အထိ မြင့်တက်လာကြောင်း၊ သေဆုံးသူအရေအတွက် တိုးလာတာကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နေတဲ့ မြန်မာနိုင်ငံကို ကမ္ဘာက ကူညီပေးဖို့ ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲ Tom Fletcher က တောင်းဆို လိုက်ပါတယ်။

သူဟာ ငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေးမြို့ကို ဧပြီလ ၅ ရက်နေ့က သွားရောက်ခဲ့ပြီး ငလျင်ဘေးသင့် ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

“ပျက်စီးမှုတွေက တုန်လှုပ်စရာကောင်းတယ်၊ အသက်တွေ ဆုံရှုံးသွားတယ်၊ အိမ်တွေ ပျက်စီးတယ် အသက်မွေးဝမ်းကြောင်းတွေ ပြိုပျက်သွားတယ်၊ ဒါပေမယ့် ပြည်သူတွေရဲ့ ခံနိုင်ရည်အားကတော့ မယုံနိုင်လောက်အောင်ပါဘဲ” လို့ Tom Fletcher က သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အပျက်အစီးတွေအောက်က ချစ်ခင်ရသူတွေရဲ့ ရုပ်အလောင်းတွေကို ဆွဲထုတ်နေစဉ် နေအိမ်အပျက်အစီးတွေအပြင်မှာ အိပ်နေကြတဲ့ မိသားစုတွေ၊ ငလျင်ထပ်လှုပ်မှာကို ကြောက်နေကြတယ်လို့ သူက ပြောပါတယ်။

ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေဟာ သူတို့ရဲ့ဘဝတွေ ပြန်လည်ထူထောင်ဖို့ ကြိုးစားနေကြတယ်၊ သူတို့ ရေ၊ အစားအစာ၊ ခိုလှုံရာ နေရာတွေ လိုအပ်နေကြတယ်လို့လည်း သူက ဆိုပါတယ်။

ပြည်တွင်းစစ်ကြောင့် လူပေါင်း ၃ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူဦးရေ သန်း ၂၀ နီးပါး အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံအတွက် အကျပ်အတည်းပိုပြီး ကြီးမားလာစေတယ်လို့ ပြောပါတယ်။

ဒီအတောအတွင်းမှာဘဲ ငလျင်ဒဏ်အကူအညီပေးရေးအတွက် မလေးရှားနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်ရောက်ရှိလာခဲ့ပါတယ်။

ငလျင်ဒဏ်သင့် မြို့နယ်တွေမှာ ရွေ့လျားဆေးရုံတွေ ဆောက်ဖို့ အပါအဝင် အကူအညီပေးရေး လုပ်ငန်းတွေကို နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဧပြီ ၅ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။