ငလျင်သင့်ဒေသက လူလေးသန်းကျော် ရေသန့်နဲ့ သန့်ရှင်းရေးပစ္စည်းတွေ အရေးပေါ်လိုအပ်

RFA Burmese
2025.04.24
ငလျင်သင့်ဒေသက လူလေးသန်းကျော် ရေသန့်နဲ့ သန့်ရှင်းရေးပစ္စည်းတွေ အရေးပေါ်လိုအပ် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားတဲ့ အင်းဝတံတားရှေ့ ဧရာဝတီမြစ်အတွင်း ပြည်သူတွေ ရေချိုးနေကြပုံကို ဧပြီ ၅ ရက်နေ့က မြင်တွေ့ရစဉ်။
AFP

ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၄.၃ သန်းကျော်ဟာ ရေသန့် နဲ့ သန့်ရှင်းရေး ဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် ရေပေးဝေရေးစနစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့ပြီး အိမ်သာပေါင်း ၄၂,၀၀၀ ကျော် ပြိုကျခဲ့သလို မကြာခဏ ဓါတ်အားပြတ်တောက်မှုတွေကြောင့်လည်း ရေပေးဝေရေး အခက်အခဲ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက အခြေအနေတွေ ပိုပြီး ဆိုးရွားမလာခင် အကူအညီလိုအပ်သူ တစ်သန်းကို ရေသန့်၊ အရေးပေါ်သန့်ရှင်းရေး နဲ့ တစ်ကယ်ရေ သန့်ရှင်းရေးဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

အရေးပေါ် အမိုးအကာ၊ ငွေသားအကူအညီ၊ ဘေးကင်းတဲ့ သောက်သုံးရေ၊ အစားအစာ နဲ့ မိခင်တွေကို ထောက်ပံ့ပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဟာ ငလျင်ထိခိုက်ခံစားခဲ့ရတဲ့ ဒေသတွေအတွက် ချက်ချင်းဦးစားပေးဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေး နဲ့ အခြေခံအဆောက်အအုံတွေ လျင်မြန်စွာ ပြန်လည်ထူထောင်ရေး အရေးကြီးကြောင်း လည်း ပြောပါတယ်။

မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီး သီတင်းသုံးပတ်ကြာတဲ့အထိ ငလျင်သင့်ပြည်သူတွေဟာ လုံခြုံစိတ်ချရတဲ့ အမိုးအကာ၊ ရေသန့်၊ လျပ်စစ်မီး နဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ မရရှိသေးကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်တာတွေကြောင့် နေအိမ်တွေ ပြန်လည်တည်ဆောက်ရေး နဲ့ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေ အဟန့်အတား ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ကနဦးငလျင်ကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော် ပျက်စီးခဲ့ပြီး မိသားစုတွေ အိမ်ပြန်ဖို့ ကြောက်ရွံ့နေကြဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

အမိုးအကာ နဲ့ အခြေခံအိမ်သုံးပစ္စည်းတွေ လိုအပ်နေသူ အရေအတွက် အခုအခါ တစ်သန်းကနေ ၅.၂ သန်းအထိ တိုးလာတယ်လို့ UNOCHA က ဆိုပါတယ်။

ဧပြီလ ၂၀ ရက်နေ့အထိ မြန်မာမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၃၅ ဦး၊ ဒဏ်ရာရသူ ၅၁၀၈ ဦး ရှိပြီး ပျောက်ဆုံးသူ ၁၂၀ ရှိကြောင်း မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။