ငလျင်ဒဏ်သင့်မြန်မာနိုင်ငံမှာ TB လို ပြင်းထန်ရောဂါဖြစ်ပွားမှု အန္တရာယ်ရှိနေကြောင်း WHO သတိပေး

RFA Burmese
2025.04.23
ငလျင်ဒဏ်သင့်မြန်မာနိုင်ငံမှာ TB လို ပြင်းထန်ရောဂါဖြစ်ပွားမှု အန္တရာယ်ရှိနေကြောင်း WHO သတိပေး ငလျင်လှုပ်ခတ်ပြီးနောက် လမ်းတွေပေါ်မှာ အကာအကွယ်မဲ့ နေထိုင်နေကြရသူတွေကို မြင်တွေ့ရစဉ်။
WFP Myanmar

မြန်မာနိုင်ငံအလယ်ပိုင်းမှာ မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ နဲ့ ၆.၄ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်အပြီး ငလျင်ဒဏ်သင့်ဒေသတွေက ရွှေ့ပြောင်းနေထိုင်နေရသူ သောင်းနဲ့ချီပြီး ကျန်းမာရေးဆိုင်ရာအန္တရာယ် ကြုံတွေ့ရမှု အရှိန်အဟုန် မြင့်လာနေတယ်လို့ WHO က သတိပေးလိုက်ပါတယ်။

လူများပြားလွန်းတဲ့နေရာမှာ ခိုလှုံရခြင်း၊ မိလ္လာစနစ် ညံ့ဖျင်းခြင်း၊ ပျက်စီးနေတဲ့ အခြေခံအဆောက်အအုံတွေ နဲ့ အကန့်အသတ်ရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေဟာ ရောဂါအန္တရာယ်ဖြစ်ပွားမှု အန္တရာယ်ကို တွန်းပို့နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တီဘီရောဂါ အများဆုံးခံစားရတဲ့ နိုင်ငံဖြစ်ကြောင်း WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၀ ခုနှစ်မှာ ခန့်မှန်းခြေ ၁၆၇၀၀၀ ဟာ တီဘီရောဂါကြောင့် ဖျားနာခဲ့ပြီး ၂၂၀၀၀ ခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီထဲမှာ HIV ပိုးရှိနေသူ ၂၉၀၀ ပါဝင်ပါတယ်။

ငလျင်ဘေးကာလ ဧပြီလ အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ကူးစက်ရောဂါဆိုင်ရာပြန်လည်သုံးသပ်ချက်မှာ တချို့နေရာတွေမှာ ရောဂါစောင့်ကြည့်ရေးစနစ်တွေ ဆက်လက်လုပ်ဆောင်နေပေမယ့် ကုသမှု လက်လှမ်းမမီတဲ့အခြေအနေတွေ ရှိနေဆဲလို့ ဆိုပါတယ်။

အခု မုတ်သုံရာသီကို ဝင်ရောက်လာတာနဲ့အမျှ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါအန္တရာယ် တိုးလာနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၆၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၇၇ ဦးရှိခဲ့ပါတယ်။ အများစုက ကလေးငယ်တွေ ဖြစ်ကြပါတယ်။ အခု မြေငလျင်ဒဏ်ခံရတဲ့ ပတ်ဝန်းကျင်မှာ ခြင်ပေါက်ပွားမှု အရှိန်မြင့်လာတာကြောင့် ရေနုတ်မြောင်း ဒါမှမဟုတ် မိလ္လာသန့်ရှင်းမှုမရှိဘဲ လူပြည့်ကျပ်နေတဲ့နေရာတွေမှာ နေထိုင်နေကြတဲ့ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ နဲ့ ကလေးတွေ အတွက် ထိခိုက်မှုပိုပြီး လွယ်ကူစေတယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှမှာ ရေကြောင့်ဖြစ်တဲ့ရောဂါ ကြီးထွားလာနေပြီး ခြိမ်းခြောက်မှုဖြစ်နေတယ်လို့ WHO က ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ကာလဝမ်းရောဂါဖြစ်ပွားမှု မှတ်တမ်းရှိပြီး ဒီရောဂါရဲ့ အန္တရာယ်တွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

လာမယ့်ရက်သတ္တပတ်တွေဟာ အရေးကြီးကြောင်း၊ ကျန်းမာရေးအခြေခံဝန်ဆောင်မှုတွေ ပြန်လည်ရရှိဖို့၊ ကုသမှုတွေ ဆက်လက်ရရှိဖို့ နဲ့ ကျန်းမာရေးအကျပ်အတည်းကို ကာကွယ်ဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေ အရေးတ​ကြီး လိုအပ်နေတယ်လို့ WHO က ထုတ်ပြန်ပါတယ်။

ငလျင်အပြင်းထန်ဆုံးခံခဲ့ရတဲ့ နေရာတွေမှာ အရေးပေါ်တုံ့ပြန်မှု နဲ့ အသက်ကယ်အကူအညီတွေ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် WHO က အမေရိကန်ဒေါ်လာ ၈ သန်း တောင်းခံထားတယ်လို့ ဆိုပါတယ်။ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ နဲ့ ပရဟိတ အဖွဲ့အစည်းတွေကိုလည်း ပံ့ပိုးကူညီဖို့ WHO က တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။