စစ်ကောင်စီကို ပြတ်ပြတ်သားသားအရေးယူဖို့ ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို

RFA Burmese
2025.04.15
စစ်ကောင်စီကို ပြတ်ပြတ်သားသားအရေးယူဖို့ ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို ဦးကျော်မိုးထွန်း ကုလ အစည်းအဝေး တက်ရောက်နေစဉ်၊ ၂၀၂၅ ခုနှစ် မတ်လ ၂၄ ရက်။
Facebook/Permanent Mission of Myanmar to the United State

ငလျင်ဘေးသင့်ဒေသတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီ တို့က တိကျပြတ်သားတဲ့ အရေးယူမှုတွေ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က ပြည်သူလူထုတွေအပေါ် ရက်စက်မှုတွေ ကျူးလွန်နေတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဧပြီလ ၁၄ ရက်နေ့က စာပေးပို့ တောင်းဆိုလိုက်တာပါ။

အာဏာသိမ်း ၄၉ လ ကြာလာတဲ့အချိန် စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် လူ ၆ ထောင်ကျော် သေဆုံး ခဲ့ပြီး၊ ဖမ်းဆီးနှိပ်စက် ညှင်းပမ်းခံရသူ ၂၈,၀၀၀ ကျော် ရှိကာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူ ၃ သန်းခွဲ ရှိနေပါတယ်။ လူသားချင်းစာနာမှု အကူအညီလိုအပ်သူလည်း သန်း ၂၀ ကျော်ရှိနေပါတယ်။

စစ်ကောင်စီတပ်က နိုင်ငံတဝန်း အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ နေအိမ်တွေကို မီးရှို့တာတွေအပါအဝင် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ တစ်လထဲမှာတင် စစ်ကောင်စီက နိုင်ငံတဝှမ်း ပြည်သူ ၁၀၆ ဦး သတ်ဖြတ်ခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၁၆ ယောက် ပါဝင်ပါတယ်။

ဒီကြားထဲ မတ်လ ၂၈ ရက်နေ့က ပြင်းထန်တဲ့ ငလျင်ကြောင့် ပြည်သူ ၃၅၀၀ ကျော်သေဆုံးခဲ့သလို ၅၀၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ပြည်သူ ၃. ၂ သန်း ငလျင်ဘေးဒဏ်ခံခဲ့ရပါတယ်။

ဒီကာလအတွင်း စစ်ကောင်စီက ငလျင်ဘေးသင့်ဒေသတွေအပါအဝင် နိုင်ငံတဝန်းမှာ လေကြောင်း နဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

မတ်လ ၂၈ ရက်ကနေ ဧပြီ ၈ ရက်နေ့အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၆၂ ကြိမ်ရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၃၀ ရှိခဲ့ပါတယ်။ တိုက်ခိုက်ခံရတဲ့အထဲ ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ခံရတဲ့ စစ်ကိုင်း နဲ့ မန္တလေးတိုင်းလည်း ပါဝင်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အပစ်မဲ့ အရပ်သားပြည်သူတွေ သေဆုံး ဒဏ်ရာရခဲ့ပါတယ်။

ဒီလို အကြမ်းဖက်ရက်စက်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူမှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ၊ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့လည်း စစ်ကောင်စီကို ငွေကြေးစီးဆင်းမှု၊ လက်နက်ရောင်းချမှု၊ လေယာဉ်ဆီရောင်းချမှု အပါအဝင် စစ်ကောင်စီကို ထောက်ပံ့မှုအားလုံး ရပ်ဆိုင်းပြီး စစ်ကောင်စီကို ဖယ်ကျဉ်ထားကြဖို့ ဦးကျော်မိုးထွန်းက တောင်းဆိုပါတယ်။

အဲဒီလိုဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ အခြေအနေကို ဖန်တီးနိုင်မှာဖြစ်တယ်လို့ လည်း ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။