မြန်မာကို ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် ထောက်ပံ့ကူညီရေး ကုလဆွေးနွေး
2025.03.17

မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကတစ်ဆင့် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး အလားအလာအတွက် ဆွေးနွေးနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မတ်လ ၁၅ ရက်နေ့မှာ ပြောကြားလိုက်ကြောင်း RFA ရဲ့ ညီနောင်သတင်းဌာနဖြစ်တဲ့ BenarNews က ဖော်ပြပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် မြန်မာနိုင်ငံအတွင်း အကူအညီပေးရေးကိစ္စကို အရှိန်မြှင့်ဆောင်ရွက်ဖို့နဲ့ အကူအညီပေးရေးလမ်းကြောင်းပွင့်ဖို့က အရေးကြီးပြီး တရားဝင် ခွင့်ပြုမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောပါတယ်။
လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးက မလွယ်ကူနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
အရင်က AA နဲ့ ရိုဟင်ဂျာလူမျိုးစုတွေကြား ကောင်းမွန်တဲ့ဆက်ဆံရေးမျိုး မရှိခဲ့တာကြောင့် ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို လေးစားမှုရှိစေရေး AA ထိတွေ့ဆက်ဆံဖို့လည်း အရေးကြီးတယ်လို့ ပြောပါတယ်။
အလှူရှင်နိုင်ငံတွေကလည်း ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် လူသားချင်းစာနာမှုအကူအညီတွေ ပိုပြီး ပံ့ပိုးပေးကြဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်မံတောင်းဆိုခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လေးရက်ကြာခရီးစဉ်အဖြစ် မတ်လ ၁၃ ရက်နေ့က စတင်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ လာမဲ့ ဧပြီလမှာ ဒုက္ခသည်အတွက် ပေးနေတဲ့ ရိက္ခာထက်ဝက်လျှော့ချမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကြေညာပြီးနောက် ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။