မြန်မာ့ငလျင်ဘေးအတွက် အမေရိကန်ကူညီမည်

RFA Burmese
2025.03.29
မြန်မာ့ငလျင်ဘေးအတွက် အမေရိကန်ကူညီမည် ငလျင်လှုပ်ခတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံကို အကူအညီပေးမယ့်အကြောင်း သမ္မတထရမ့် ပြောကြားစဉ်။
ANI

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက် သောကြာနေ့က လှုပ်ခတ်သွားတဲ့ ငလျင်ဘေးအတွက် အမေရိကန်က အကူအညီတွေပေးသွားမယ်လို့  သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ 

မနေ့က အိမ်ဖြူတော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

"အဖြစ်အပျက်က ကြောက်စရာကောင်းတယ်- ကျနော်တို့ ကူညီသွားမှာပါ- တာဝန်ရှိသူတွေနဲ့လည်း  စကားပြောပြီးပြီ" လို့  အမေရိကန် သမ္မတ ကပြောပါတယ်။ ဒါပေမယ့် ဘယ်လို အကူအညီတွေပေးမယ်ဆိုတာကို အသေးစိတ်ပြောဆိုတာမရှိသေးပါဘူး။

ဒီအတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ၃၇ ဦးပါဝင်တဲ့ ကယ်ဆယ်ရေးနဲ့ဆေးကုသမှုအဖွဲ့တစ်ခုဟာ ငလျင်ဒဏ် ဘေးအတွက် အကူအညီတွေပေးဖို့ မြန်မာနိုင်ငံကို မတ်လ ၂၉ ရက် ဒီနေ့မနက်က ရောက်ရှိ လာတယ်လို့ ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ စစ်ကိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အပါအဝင် နေရာအများအပြားမှာ ပြင်းထန်တဲ့ ရစ်ချ်စတာ စကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင် မတ်လ ၂၈ ရက် နေ့လယ်က လှုပ်ခတ်ခဲ့တာပါ။ ဒီငလျင် ကြောင့် လူအသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှုအတော်များခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် တရုတ်အစိုးရက ချက်ချင်းစီစဉ်ပေးခဲ့တာလို့လည်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံကလည်း လူ ၁၂၀ ပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့တစ်ခုကို မြန်မာနိုင်ငံကို စေလွှတ်ထား ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒီငလျင်ကြောင့် မနေ့ကညနေအထိ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းနဲ့၊ ကျောက်ဆည်မြို့နယ်တွေမှာ လူ ၁၄၄ ဦးသေဆုံးပြီး နောက်ထပ် လူ ၇၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံပိုင်သတင်းမီဒီယာတွေကနေတစ်ဆင့် မနေ့က ပြောဆိုထားပါတယ်။

 သေဆုံးမှုနဲ့ ထိခိုက်မှုအရေအတွက် ထပ်တိုးလာနိုင်တယ်လို့လည်း သူကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။