ငလျင်ကြောင့် ပျဉ်းမနားမြို့မှာ ရုပ်အလောင်းလေးဆယ် တွေ့ရှိထား

RFA Burmese
2025.03.28
ငလျင်ကြောင့် ပျဉ်းမနားမြို့မှာ ရုပ်အလောင်းလေးဆယ် တွေ့ရှိထား ပျဉ်းမနားမြို့ပေါ်၌ အဆောက်အအုံပျက်တွေကြားပိတ်မိနေသူများအား ကယ်ဆယ်ရေးလုပ်နေစဉ်။
Citizen Photo

နေပြည်တော်၊ ပျဉ်းမနားမြို့ပေါ်မှာ ငလျင်ကြောင့် ပြိုကျသွားတဲ့ အဆောက်အအုံတွေကြား သေဆုံးနေသူလေးဆယ်ရဲ့ ရုပ်အလောင်းတွေ ရရှိထားတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကိုပြောပါတယ်။

ဒီအပြင် ဒဏ်ရာရသူ ၁၃၀ ကျော်ကိုလည်း နီးစပ်ရာဆေးရုံတွေဆီ ပို့ပြီး ကယ်ဆယ်ရေးဆက်လုပ်နေတယ်လို့လည်း သူက ပြောပါတယ်။

မတ်လ၂၈ ရက် ညနေ ၇ နာရီအထိ ပြိုကျပျက်စီးနေတဲ့ အဆောက်အုံတွေကြား ပိတ်မိနေသူ အများအပြား ရှိနေဆဲဖြစ်တယ်လို့ ပျဉ်းမနားမြို့ပေါ် ကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။

“အကုန်ပျက်စီးကုန်တော့ ကယ်ဆယ်ရေး အင်တိုက်အားတိုက်လုပ်နေပါတယ်။ အခုပဲ သေဆုံးသူတစ်ယောက် ပို့ပြီး ပြန်လာတာ။ မျက်မြင်ဆိုရင်တော့ သေဆုံးသူလေးဆယ်ထိ တွေ့ထားပြီ။ ဒဏ်ရာရ ၁၃၀ ကျော်ရှိပြီ။ ကုတင် (၂၀၀)ဆေးရုံကြီးနဲ့ နီးစပ်ရာ ဆေးရုံတွေ ဆီပို့ပေးနေတယ်။ ကျွန်တော်တို့ တခြားနေရာတွေတောင် သွားမကူနိုင်ဘူး။ ပျဉ်းမနားမြို့ပေါ်တောင် လက်မလည်ဘူးဖြစ်နေတယ်”

ပျဉ်းမနားမြို့လယ်၊ ဗိုလ်ချုပ်လမ်းမဘေးတစ်လျှောက် အဆောက်အအုံနဲ့ ဘုန်းကြီးကျောင်းတွေ မြေငလျင်ကြောင့် ပြိုကျပျက်စီးမှုပိုများခဲ့တာဖြစ်ပါတယ်။

ပျဉ်းမနားမြို့ကနေ သပြေကုန်း၊ မြို့တော်ခန်းမဘက်သွားတဲ့ တောင်ညိုလမ်းမှာလည်းအက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် လမ်းကိုပိတ်ထားပြီး ဆိုင်ကယ်တွေကိုသာ ပေးသွားတော့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။