ငလျင်ကြောင့် ရမည်းသင်းမှာ လူလေးဆယ်ကျော် သေဆုံး
2025.03.28

မြေငလျင်ကြောင့် မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာ လူလေးဆယ်ကျော် သေဆုံးသွားပြီလို့ ကယ်ဆယ်ရေးလုပ်နေသူတွေက RFA ကို မတ်လ ၂၈ ရက် ညပိုင်းမှာ ပြောပါတယ်။
ရမည်းသင်းမြို့ပေါ် နဲ့ ကျေးရွာတွေမှာ အဆောက်အအုံ အများအပြား ပြိုကျခဲ့ပြီး အပျက် အစီးပုံတွေကြားကနေ ရုပ်အလောင်းလေးဆယ်ထက်မနည်း ရရှိထားပြီလို့ ဆိုပါတယ်။
“ကျွန်တော်တို့ ကယ်ဆယ်ရေးတွေဆက်လုပ်နေတယ်။ အခုထိ တချို့နေရာတွေကို ဆက်သွယ်လို့မရသေးဘူး။ လက်ရှိမှာ လေးဆယ်ကျော်သွားပါပြီ။ ဆေးရုံကြီးမှာ ရောက်နေတဲ့ လူနာတွေလည်း မနည်းဘူး “
ဒဏ်ရာရသူ အနည်းဆုံး ခြောက်ဆယ်ထက်မနည်း ရှိတယ်လို့လည်း သူက ပြောပါတယ်။
မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို စစ်ကောင်စီရဲ့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။