နိုင်ငံတစ်ဝန်း ငလျင်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်ရှိလာ
2025.03.29

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ တစ်ထောင်ကျော်ရှိလာကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နေရာတွေ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၀၀၂ ဦးရှိပြီး ဒဏ်ရာရသူ ၂၃၇၆ ဦးရှိကာ ပျောက်ဆုံးနေသူ ၃၀ ရှိတယ်လို့ သိရပါတယ်။
လက်တလော စာရင်းတွေအရ မန္တလေးတိုင်းက အများဆုံးဖြစ်ပြီး မတ်လ ၂၉ ရက် မနက်ပိုင်းအထိ သေဆုံသူ ၆၉၄ ဦးရှိပြီး ဒဏ်ရာရသူ ၁၆၇၀ ဦး ရှိပါတယ်။
ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ မြေငလျင်ဟာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများတဲ့ ဒေသခြောက်ခုကို စစ်ကောင်စီရဲ့ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက မတ်လ ၂၈ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။