ငလျင်ကြောင့် ၁၆၀၀ ကျော် သေဆုံး၊ ၁၄၀၀ နီးပါး ပျောက်ဆုံးနေကြောင်း NUG ထုတ်ပြန်
2025.03.30

မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ ပြင်းအား ၇.၇ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၄၈ နာရီအတွင်း သေဆုံးသူ ၁၆၁၄ ဦး၊ ဒဏ်ရာရသူ ၁၅၅၇ ဦး နဲ့ ပျောက်ဆုံးနေသူ ၁၃၇၆ ဦး ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် နေအိမ် အဆောက်အအုံ ၁၃,၄၁၁ လုံး၊ စေတီ ၁၅၇ ဆူ၊ ဗလီ ၅၂ ခု နဲ့ ဘုရားကျောင်း ၇၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး လမ်းပျက်စီးမှု ၄၃ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၃၀ ရက် မနက်ပိုင်းကလည်း ရွှေဘိုမြို့အနီးမှာ အင်အား ၄.၂၊ နေ့လည်ပိုင်းမှာ နေပြည်တော် နဲ့ မန္တလေးမြို့အနီးမှာ အင်အား ၅.၁ ရှိတဲ့ ငလျင်တွေ လှုပ်ခတ်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လူနဲ့ စက်ပစ္စည်းအင်အား မလုံလောက်ခြင်းကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေပြီး၊ ပျောက်ဆုံးသူတွေ အသက်ဆက်လက်ရှင်သန်ရေး မျှော်လင့်ချက် အလွန်နည်းပါးနေတဲ့အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
နေအိမ်ပျက်စီးသွားသူတွေဟာ ဘုန်းကြီးကျောင်း နဲ့ အခြား ခိုလှုံရာနေရာတွေမှာ ခေတ္တနေထိုင်နေရပြီး အစားအသောက်၊ သောက်ရေ နဲ့ တကိုယ်ရည်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူ၁၆၆၄ ဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူ ၃၄၀၈ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၃၉ ဦးရှိတယ်လို့ မတ်လ ၂၉ ရက် ညက သတင်းထုတ်ပြန်ပါတယ်။