တောင်ငူမှာ ငလျင်ကြောင့် အရပ်သားဆယ်ဦး သေဆုံး

RFA Burmese
2025.03.28
တောင်ငူမှာ ငလျင်ကြောင့် အရပ်သားဆယ်ဦး သေဆုံး တောင်ငူမြို့ ဝေဠုဝန်သာသနာ့ရိပ်သာ၌ ထိခိုက်ဒဏ်ရာရသူများအား မတ်လ ၂၈ ရက် ညနေပိုင်းတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်။
Taungoo Rescue

ပဲခူးတိုင်း တောင်ငူမြို့မှာ ငလျင်ကြောင့် ဒေသခံဆယ်ဦးသေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်နေသူတွေက RFA ကိုမတ်လ ၂၈ ရက် ညနေပိုင်းမှာ ပြောပါတယ်။

သေဆုံးသူတွေဟာ ဝေဠုဝန်သာသနာ့ရိပ်သာမှာ ဓမ္မစကူးသင်နေတဲ့ ကလေးငယ်လေးဦး အပါအဝင်ငါးဦးနဲ့ ကန်တော်ဗလီက ငါးဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။

“ဓမ္မစကူးသင်နေတုန်း မျက်နှာကျက်ပြိုကျတာဗျ။အဲ့ဒီမှာ ကလေးတွေသေကုန်တာပေါ့။ နောက် အစ္စလာမ်ဘာသာရေးအဆောက်အဆုံမှာလည်း ငါးယောက်သေသွားတယ်။ မြို့နယ်ဆေးရုံမှာလည်း ဒဏ်ရာရတဲ့သူတွေ အများကြီးရောက်လာတယ်”

ဒဏ်ရာရသူအရေအတွက်ကလည်း ၃၀ ထပ်မနည်းရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး မတ်လ ၂၈ ရက်က ပြင်းအား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကတော့ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။