ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလအကြီးအကဲ အဖ်တာရီတာ ဝါဖြေစာအတူစား
2025.03.15

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေနဲ့ သောကြာနေ့က ဝါဖြေစာလို့ခေါ်တဲ့ အဖ်တာရီတာ ( iftar ) ညနေပိုင်း ဝါထွက်အစားအစာ အတူစားပါတယ်။
ဒီလိုအတူတကွစားတာဟာ ရိုဟင်ဂျာတွေကိုးကွယ်တဲ့ ဘာသာနဲ့ ယဉ်ကျေးမှုကို လေးစားတာကို သက်သေပြတာပါလို့ ပြောတဲ့အကြောင်း Bernama သတင်းက မတ် ၁၅ ရက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံကနေထွက်ပြေးလာတဲ့ ဒုက္ခသည်တစ်သန်းကျော်တွေ အကူအညီဖြတ်တောက်ခံရတာ ကုလအကြီးအကဲက အထူးစိုးရိမ်ပူပန်တယ်လို့လည်း ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရခေါင်းဆောင် မာမွတ်ယူနွတ်လည်း ကုလအကြီးအကဲနဲ့ လိုက်ပါလာတာဖြစ်ပြီး ရိုဟင်ဂျာတွေနဲ့ သူတို့ကိုလက်ခံထားတဲ့ ကော့ဘဇားက အဖွဲ့အစည်းတွေအတွက် အထောက်အကူပေးဖို့ လိုအပ်တယ်လို့ အန်တိုနီယို ဂူတာရက်စ် က ပြောပါတယ်။
ကုလအကြီးအကဲဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်က ဒုက္ခသည်စခန်းကို မတ်လ ၁၃ ရက်က ရောက်ရှိလာတာဖြစ်ပါတယ်။
လာမယ့်လမှာ ဒုက္ခသည်အတွက် ပေးနေတဲ့ ရိက္ခာထက်ဝက်လျှော့မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကြေညာပြီးနောက် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။