ရိုဟင်ဂျာအရေး ထိပ်တန်းအစည်းအဝေး ကျင်းပဖို့ ကုလညီလာခံ ဆုံးဖြတ်ချက်ချ
2025.03.27
ရိုဟင်ဂျာအကျပ်အတည်း နဲ့ မြန်မာနိုင်ငံက အခြားသောလူနည်းစုတွေ ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအဆင့်မြင့်ညီလာခံတစ်ရပ်ကျင်းပဖို့ ကုလသမဂ္ဂအထွေထွေညီလာခံ က ဆုံးဖြတ်ချက်ချမှတ်လိုက်ကြောင်း Dhaka Tribune သတင်းက မတ်လ ၂၆ ရက်နေ့က ဖော်ပြပါတယ်။
မလေးရှား နဲ့ ဖင်လန် နိုင်ငံတို့ ပူးပေါင်းအဆိုပြုခဲ့ပြီး ထောက်ခံမဲ့ ၁၄၁ မဲ၊ ကြားနေမဲ ၁၀ မဲ နဲ့ အတည်ပြုခဲ့တာလို့ ဆိုပါတယ်။
လာမယ့်စက်တင်ဘာလ အမေရိကန်နိုင်ငံ နယူးရောက်မြို့က ကုလသမဂ္ဂအစည်းအဝေးအတွင်း ရိုဟင်ဂျာအကျပ်အတည်းနဲ့ပတ်သက်တဲ့ အထူးအစည်းအဝေးတစ်ရပ်ကို ကျင်းပဖို့ ဘင်္ဂလားဒေ့ရှ်က ပြင်ဆင်နေချိန် ဒီဆုံးဖြတ်ချက်ကို လက်ခံလိုက်တာဟာ အနာဂတ်မှာ ရိုဟင်ဂျာပြသနာကို ဖြေရှင်းရာမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ ဖော်ပြပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် နဲ့ မကြာသေးခင်က Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို အတူ သွားရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အကြံပေးအရာရှိချုပ် ပါမောက္ခ မိုဟာမက် ယူနွတ်က ၇၉ ကြိမ်မြောက်ကျင်းပမယ့် အထွေထွေညီလာခံအတွင်း ရိုဟင်ဂျာအရေး အဆင့်မြင့်ညီလာခံ ကျင်းပဖို့ ပထမဆုံး အဆိုပြုခဲ့ပါတယ်။
အလှူရှင်နိုင်ငံတွေ နဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေ အပါအဝင် အဓိက သက်ဆိုင်သူအားလုံးစုစည်းပြီး ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး လမ်းကြောင်းကို ရှာဖွေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။