စစ်တွေမြို့ပေါ်မှာ ဒုက္ခသည် ငါးထောင်ကျော် စားဝတ်နေရေး ခက်ခဲနေ

RFA Burmese
2025.03.07
စစ်တွေမြို့ပေါ်မှာ ဒုက္ခသည် ငါးထောင်ကျော် စားဝတ်နေရေး ခက်ခဲနေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အနီးမှ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Wai Hun Aung

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို စစ်ကောင်စီက ဖြတ်တောက်ထားပြီး ကုန်ဈေးနှုန်းမြင့်တက်တာ၊ အလုပ်အကိုင်မရှိတာ၊ အကူအညီတွေ နည်းပါးတာတွေကြောင့် မြို့ပေါ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည် ငါးထောင်ကျော် အခက်အခဲနဲ့ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒုက္ခသည်တွေဟာ စစ်ရေးနဲ့ဆက်စပ်လို့ မြို့ပေါ်ကို အတင်းအကျပ် ရွှေ့ပြောင်းခံထားရတဲ့ စစ်တွေမြို့နယ်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က သူတို့ရပ်ရွာတွေအနီးအနားမှာ ခုခံစစ်အတွက် ပြင်ဆင်နေတဲ့အပြင် တိုက်ပွဲတွေလည်းရှိနေတာကြောင့် စစ်တွေမြို့ပေါ်မှာပဲ ဆက်လက်ခိုလှုံနေကြရတာလည်း ဖြစ်ပါတယ်။

ဒေါ်အေးမြလို့ အမည်လွှဲထားတဲ့ ဒုက္ခသည်တစ်ဦးကတော့ ဗျိုင်းဖြူရွာကနေ စစ်တွေမြို့က ဘုန်းကြီးကျောင်းတစ်ခုကို လာရောက်ခိုလှုံနေတာ ကိုးလလောက် ရှိနေပါပြီ။

"သားသမီး ခုနစ်ယောက် ရှိပါတယ်။ ကျွန်မတစ်ယောက်ဆိုရင် ရှစ်ယောက်ပါ။ သမီးက နှစ်ယောက်၊ သားက ငါးယောက် ရှိပါတယ်။ သားသမီးတွေ နေမကောင်းဖြစ်ရင် ကျွန်မမှာ ပိုက်ဆံတစ်ပြားမှ မရှိဘူး။ ကြောက်စိတ်က တစ်မျိုး၊ သားသမီးနေမကောင်းဖြစ်ရင် ဆေးဝါးကလည်း ဝယ်စရာမရှိတဲ့ ဘဝကို အတော်လေးကို ခံစားနေရပါတယ်။ သားငယ်လေး အမေ ငါးနဲ့ တစ်နပ်စားချင်တယ်ပြောတော့ မကျွေးနိုင်ဘူး။ တော်တော်လေးကို အခက်အခဲနဲ့ ကြုံနေကြရပါတယ်။ စားရေး၊ သောက်ရေးကအစ အကုန်လုံး အခက်အခဲနဲ့ ကြုံနေရတာပါ"

ဒေါ်အေးမြရဲ့ ခင်ပွန်းကတော့ အာရက္ခတပ်တော် (AA) နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်သုံးနှစ် ကျခံနေရပါတယ်။

လောလောဆယ် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေလည်းမရတော့တာကြောင့် စစ်ကောင်စီက ထောက်ပံ့တဲ့ ဆန်တချို့နဲ့ ဖြစ်သလိုစားသောက်နေရတယ်လို့ ဒေါ်အေးမြက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်တွေမြို့ပေါ်ကနေ ဘယ်ကိုမှ သွားလာလို့မရတာကြောင့် အခက်အခဲ ပိုကြုံရတယ်လို့ ဦးမောင်ကြီးလို့ အမည်လွှဲထားတဲ့ နောက်ထပ် စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

"အခက်အခဲကတော့ စားဝတ်နေရေး အခက်အခဲ ရှိပါတယ်။ ကုန်ဈေးနှုန်းတွေကလည်း အတော်လေးကို အဆမတန် တက်နေပါတယ်။ ဝယ်လို့မစားနိုင်တဲ့အဆင့်အထိ ရောက်နေတယ်။ ဆန်တစ်တောင်းပေးလာရင် အဲဒါကို ချွေတာပြီးတော့ ငတ်တစ်နပ်၊ မွတ်တစ်နပ် စားနေကြရတယ်။ မိသားစုများတဲ့သူတွေမှာ ပိုဆိုးတယ်။ အလုပ်အကိုင်တွေကလည်း ဘယ်ကိုမှ သွားလုပ်လို့မရဘူး။ ဘုန်းကြီးကျောင်းထဲကနေ ကျောင်းပြင်ကို ထွက်ရတာတောင် အခက်အခဲရှိတယ်"

စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ဆက်ရှိနေသလို ယာယီကယ်ဆယ်ရေးစခန်းတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က အစစ်အဆေးတွေ ပိုများနေတာကြောင့် စိုးရိမ်ပူပန်နေရတယ်လို့လည်း ဆိုပါတယ်။

"စစ်တွေမှာ ဒုက္ခသည်စခန်း ငါးဆယ်ကျော်ရှိတယ်"

စစ်တွေမြို့ပေါ်မှာ ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ယာယီစခန်း ငါးဆယ်ကျော်ရှိပြီး ဘုန်းတော်ကြီးကျောင်းတွေမှာ အများဆုံး ခိုလှုံနေကြရတာလို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်တွေမှာ ဒုက္ခသည်စခန်း ငါးဆယ်ကျော်ရှိတယ်။ အခုကျွန်တော်တို့ ဘုန်းကြီးကျောင်းဒုက္ခသည်စခန်းမှာတော့ တစ်ရာကျော်ရှိတယ်။ တခြား ကျောင်းတွေ၊ ဒုက္ခသည်စခန်းတွေ ရေတွက်ကြည့်မယ်ဆိုရင် ဒုက္ခသည် ခြောက်ထောင်လောက်ရှိတယ်။ ဒုက္ခသည်တွေက စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာ၊ ရွှေပြည်သာ၊ ကျေးတော၊ အောင်တိုင်၊ ရေချမ်းပြင် အဲဒီရွာတွေ အပါအဝင် ရွာတစ်ဆယ်ကျော်က လူတွေပါ။ ငတ်တဲ့သူတွေရှိတာပေါ့။ ကိုယ်တိုင်မြင်ရတယ်"


ဆက်နွှယ်သောသတင်းများ

စစ်တွေမြို့နယ်မှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေမြို့နယ်အနီးဝန်းကျင်က ဒေသခံတွေ ထွက်ပြေးရ

စစ်တွေတိုက်ပွဲ ပြင်းထန်လာမှာကို မြို့ခံတွေ စိုးရိမ်နေ


စစ်တွေမြို့မှာ အခြေခံစားသောက်ကုန်တွေအတွက် ရန်ကုန်ကို အဓိက မှီခိုနေကြရပြီး စစ်ကောင်စီက သီးသန့်ခွင့်ပြုထားတဲ့ ကုန်သင်္ဘောအချို့ပဲ စားသောက်ကုန်နဲ့ လောင်စာဆီတွေ သယ်ယူတတင်ပို့ခွင့် ရကြတာပါ။ ဒါပေမဲ့ အဆမတန်ဈေးကြီးတာကြောင့် စစ်ဘေးဒုက္ခသည်တွေကတော့ ဝယ်ယူစားသောက်ဖို့ ခက်ခဲကြတယ်လို့ ဆိုပါတယ်။

ဒေသခံတွေဟာ AA သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ထွက်ပြေးဖို့ ဆန္ဒရှိကြပေမဲ့ စစ်ကောင်စီက တားမြစ်ပိတ်ပင်ထားတာကြောင့် စစ်တွေမြို့ပေါ်မှာပဲ ပိတ်မိသလို ဖြစ်နေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်တာ တစ်နှစ်ကျော်နေပြီး တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သိန်းကျော်ရှိတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။