ငလျင်ဒေသကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်လုပ်နေကြောင်း ဦးကျော်မိုးထွန်း ပြော
2025.04.10

မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီး၊ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီက ငလျင်ဘေးသင့်ဒေသတွေအပါအဝင် နိုင်ငံတဝန်း အရပ်သားပြည်သူတွေအပေါ် မဆင်မခြင် လေကြောင်း တိုက်ခိုက်မှုတွေ နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ဧပြီလ ၈ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး ကော်မရှင် အစည်းအဝေးမှာ သံအမတ်ကြီးက ပြောဆိုလိုက်တာပါ။
စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး မြန်မာစစ်တပ်ဟာ ICT နည်းပညာတွေ အသုံးချပြီး ပြည်သူလူထုကို ဖိနှိပ်ခဲ့သလို ပြည်ပက တင်သွင်းတဲ့ ဂျက်လေယာဉ်ဆီကို အသုံးပြုပြီး အရပ်သားတွေအပေါ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ခဲ့ကြောင်း၊ လတ်တလောဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် လူပေါင်း ၃၅၀၀ ကျော်သေဆုံး၊ ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် မခွဲခြားဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သံအမတ်ကြီးက ကုလမှာ တင်ပြခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ လူမဆန်၊ ရက်စက်ကြမ်းကြုတ်မှု နဲ့ ရာဇဝတ်မှုတွေ အဆုံးသတ်ခြင်းမရှိကြောင်း၊ မြန်မာပြည်သူတွေရဲ့ ဒုက္ခဆင်းရဲတွေ နဲ့ အသက်တွေကို ကယ်တင်ဖို့ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်း၊ ဂျက် လေယာဉ်ဆီ နဲ့ စစ်ရေး နဲ့ အရပ်ဖက် နှစ်မျိုးအသုံးပြုနိုင်တဲ့ ပစ္စည်းတွေ စီးဆင်းမှု ရပ်တန့်အောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးကို သံအမတ်ကြီးက တောင်းဆိုလိုက်ပါတယ်။