မင်းတပ်မြို့နယ်မှာ ဗုံးကြဲခံရလို့ ဓမ္မဆရာတစ်ဦးအပါအ၀င် ခြောက်ဦးသေဆုံး
2025.04.10

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဖွီကျေးရွာမှာ ဧပြီ ၉ ရက် ည ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ခရစ်ယာန်ဓမ္မဆရာတစ်ဦးအပါအ၀င် အရပ်သားခြောက်ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ချင်းညီနောင်ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ည ၉ နာရီခန့်မှာ ဗုံးနှစ်ကြိမ် ကြဲချခဲ့တာလို့ မင်းတပ်မြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"လေယာဉ်က တစ်စီးတည်း နှစ်ကြိမ်လာပစ်တာ။ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတာ။ ဆုံးတဲ့သူ တွေထဲမှာ ဓမ္မဆရာ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်းပါတယ်။ ဒဏ်ရာရသူတွေ ကိုးဦးထဲမှာ သုံးဦးက ပြင်းထန်တယ်"
သေဆုံးသူတွေဟာ ၈ လသား အရွယ်နဲ့ အသက် ၇ နှစ်အရွယ် ကလေး နှစ်ဦး၊ အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၇၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၆ နှစ်အရွယ် ခရစ်ယာန် ဓမ္မဆရာ တစ်ဦးနှင့် အသက် ၃၈ နှစ်အရွယ် မသန်စွမ်းအမျိုးသားတစ်ဦးတို့ ဖြစ်ပါတယ်။
ဗုံးကြဲခံရမှုကြောင့် ဘုရားကျောင်းနဲ့ နေအိမ် တစ်ဆယ်ကျော်ပျက်စီးသွားတယ်လို့လည်းဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
ဖွီကျေးရွာဟာ အိမ်ခြေ ၈၀ ကျော်ရှိပြီး မင်းတပ်မြို့နဲ့ ၁၃ မိုင်ခန့်ဝေးပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ဧပြီလ ၈ ရက် နေ့လယ်အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုင်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုပေါင်း ၉၂ ကြိမ်အထိ ရှိခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေး ၆ ဦး၊ အမျိုးသမီး ၃၀ အပါအဝင် အရပ်သား ၇၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။