အိုးဘိုထောင်မှာ နိုင်ငံရေးအကျဥ်းသူတစ်ဦး လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ သေဆုံး

RFA Burmese
2025.02.21
အိုးဘိုထောင်မှာ နိုင်ငံရေးအကျဥ်းသူတစ်ဦး လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ သေဆုံး မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီဟာ လုံလောက်တဲ့ ဆေးကုသခွင့် မရတာကြောင့် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြောပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရတဲ့ အသက် ၆၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီဟာ သွေးတိုး၊ ဆီးချို၊ နှလုံး ရောဂါနဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

အကျဥ်းထောင်တွေမှာ ဆေးဝါးမလုံလောက်

ရောဂါပြင်းထန်ချိန် အိုးဘိုအကျဉ်းထောင်ဆေးရုံမှာ ဆေးကုသခဲ့ပေမဲ့ လုံလောက်တဲ့ ဆေးကုသခွင့် မရတာကြောင့် သေဆုံးတာလို့ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

"နှလုံးရော၊ သွေးတိုးရော ပြီးတော့ ဆီးချိုရောပေါ့ ဒီလိုရောဂါတွေမှာ သက်သာပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးတွေ ထောင်ဆေးရုံမှာ မရှိပါဘူး။ ဒါက ထောင်အာဏာပိုင်တွေဘက်က လုံလောက်တဲ့ ဆေးကုသမှုပေးဖို့ တာဝန်ရှိပါတယ်"

နိုင်ငံတစ်ဝန်း အကျဥ်းထောင်တွေမှာ ပြီးခဲ့တဲ့နှစ်ကထက် ဆေးဝါးမလုံလောက်မှု ပိုမိုများပြားလာပြီး ထောင်ပြင်ပဆေးရုံမှာ ဆေးကုသမှ အဆင်ပြေနိုင်မဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ ငွေကြေးမတတ် နိုင်တာကြောင့် ထောင်တွင်းဆေးရုံမှာပဲ ဆေးကုသရင်း သေဆုံးရတာတွေ ရှိလာတယ်လို့ သူက ပြောပါတယ်။

၂၀၂၅ ခုနှစ်ထဲမှာ အကျဥ်းထောင်တွေထဲ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့အတွက် သေဆုံးတဲ့ နိုင်ငံရေးအကျဥ်းသား လေးဦးထက်မနည်း ရှိပြီလို့ ဆိုပါတယ်။

ဒေါ်စန်းရီဟာ ၂၀၂၁ ခုနှစ် ဧပြီလက ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) ရဲစခန်းကို ဗုံးဖောက်ခွဲခဲ့တဲ့ လူငယ် သုံးဦးကို ကာကွယ်ပေးထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြစ်တဲ့ ပုဒ်မ ၅၂ (က)၊ ပုဒ်မ ၅၀ (ည) နဲ့ အိုးဘိုအကျဥ်းထောင်မှာ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံရတာပါ။

သေဆုံးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ မိသားစုဝင်တွေကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လုံလောက်တဲ့ ဆေးကုသမှုမရဘဲ သေဆုံးရတဲ့ အခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၃၁ ဦး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူ လူပေါင်းနှစ်သောင်းကျော် (၂၁,၈၇၇ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်သလို အဲဒီအထဲက တစ်သောင်းကျော် (၁၀,၃၅၇ ဦး) က ထောင်ချခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။