စစ်ကောင်စီဦးစီးမဲ့ရွေးကောက်ပွဲ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ခြေနည်း

RFA Burmese
2025.03.10
စစ်ကောင်စီဦးစီးမဲ့ရွေးကောက်ပွဲ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ခြေနည်း အီလက်ထရွန်နစ် မဲပေးစနစ်အသုံးပြုပုံနှင့် စက်ပိုင်းဆိုင်ရာများကို ကြည့်ရှုနေသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဉ်ကနေ ပြန်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီနှစ်အကုန်၊ နောက်နှစ်ဆန်းမှာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမယ်လို့ မတ်လ ၉ ရက်နေ့က လေယာဉ်ပေါ်မှာ ပြည်တွင်းအခြေစိုက်မီဒီယာတွေကို ပြောလိုက်ပါတယ်။

ဒါကြောင့် အားလုံးပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။

စစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတွေကို မတ်လ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ တစ်ပတ်ကြာ သွားရောက်ခဲ့တာပါ။

"နိုင်ငံတစ်ခုလုံးကို လွှမ်းခြုံပြီး လုပ်တာမဟုတ်ဘူး၊ လူထုရဲ့ ဆန္ဒအရ လုပ်တာမဟုတ်ဘူး ဆိုတဲ့အခါကျတော့ ဒါ ဘက်နှစ်ဖက်ကြားထဲမှာ ပိုပြီးတော့မှ ပဋိပက္ခဖြစ်စေတာမျိုးပဲ ပေါ်ပေါက်လိမ့်မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်”

ရွေးကောက်ပွဲတွေကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကျင်းပမယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကို မနေ့က ပြောဆိုထားပါတယ်။

ပါတီမှတ်ပုံပြန်မတင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်ကတော့ စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မသေချာဘူးလို့ သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲကဖြစ်မယ် မဖြစ်ဘူးဆိုတာ မသေချာသေးဘူးပေါ့နော် တကယ်လို့ လုပ်ဖြစ်တယ်ဆိုရင်တောင်မှ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးပေါ့ ဒီသုံးနေရာလောက်ပဲ အလွန်ဆုံးဒီလောက်ပဲ လုပ်လို့ရမယ်။ အဲဒီအခါကျရင် ရွေးကောက်ပွဲမလုပ်ဖြစ်တဲ့ဒေသတွေနဲ့ ရွေးကောက်ပွဲ လုပ်ပြီးသား ဒေသတွေကြားထဲမှာ ဝိရောဓိတွေ ဖြစ်စရာအများကြီးရှိတယ်ပေါ့နော်။ သူ့အနေနဲ့ နိုင်ငံတစ်ခုလုံးကို လွှမ်းခြုံပြီး လုပ်တာမဟုတ်ဘူး၊ လူထုရဲ့ ဆန္ဒအရ လုပ်တာမဟုတ်ဘူး ဆိုတဲ့အခါကျတော့ ဒါ ဘက်နှစ်ဖက်ကြားထဲမှာ ပိုပြီးတော့မှ ပဋိပက္ခဖြစ်စေတာမျိုးပဲ ပေါ်ပေါက်လိမ့်မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်”

စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းက ရွေးကောက်ပွဲလုပ်ဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမဲ့ လက်တွေ့မှာ အကောင်အထည်ဖော်နိုင်တာမရှိခဲ့ဘူးလို့ ဦးစိုင်းလိတ်က ပြောပါတယ်။

စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို ပြည်သူတွေယုံကြည်မှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။

“ပြည်သူတွေကတော့ ဆန္ဒမဲပေးပွဲတွေ ပေါ်ပေါက်မယ်လို့ မယုံကြည်ကြပါဘူး။ ကုလသမဂ္ဂမှာရှိနေတဲ့ နိုင်ငံပေါင်း ၁၂၀ ကျော်ကလည်း မဖြစ်နိုင်ဘူးလို့ ယူဆနေကြတာပါ။ ဖြစ်နိုင်တယ်လို့ ယူဆပြီး အားပေးနေတာ တရုတ်နဲ့ ရုရှား သူတို့နောက်လိုက်တွေ။ အဲတော့ အဲဒါတွေနဲ့ ရွေးကောက်ပွဲကျင်းပမယ်ဆိုတာ ကျွန်တော်တို့ အယုံအကြည်မရှိပါဘူးနော်။ ဇွတ်အတင်း ကျင်းပလည်း အကောင်အထည်ပေါ်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်တော့ ယူဆပါတယ်”

မဲစာရင်းတွင် ပါဝင်ရမည့် လူဦးရေစာရင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပစဉ်။ (Photo: MOI)
မဲစာရင်းတွင် ပါဝင်ရမည့် လူဦးရေစာရင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပစဉ်။ (Photo: MOI)

စစ်ကောင်စီအနေနဲ့ နယ်မြေစိုးမိုးမှုနည်းပါးတာ၊ နိုင်ငံတစ်ဝန်းပဋိပက္ခဖြစ်ပွားနေတာ၊ ရွေးကောက်ပွဲမှာ ပါဝင်မဲ့ သူတွေ မဲဆွယ်စည်းရုံးရေးအတွက် လုံခြုံမှုမရှိတာနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ကန့်သတ်ချက်တွေ ကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့အကြိမ်ကြိမ်ပြောခဲ့ပေမဲ့ လက်တွေ့ဖြစ်မလာတာလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်မဲ့အချိန်ကို အကုန် တွက်ချက်ပြီးပြောတာဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“အဲဒီတော့ အန်ကယ်တို့ ပါတီအနေနဲ့ဆိုရင်လည်း ပြင်ဆင်ချိန်ပိုရတာပေါ့နော်။ တခြားနိုင်ငံရေးပါတီတွေလည်း ပြင်ဆင်ချိန်ပိုရတာပေါ့။ အဲဒီကြားထဲမှာမှ ကော်မရှင်ကလည်း သူ ထုတ်ပြန်သင့်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ ထပ်တိုးဖို့လိုတဲ့ဟာတွေ ရှိရင်ရှိမှာပေါ့၊ အဲဒါတွေအတွက် အကုန်လုံးကို တွက်ချက်ပြီးတော့မှ ဒါ ဗိုလ်ချုပ်မှူးကြီးက ပြောတယ်လို့ပဲ အန်ကယ်တို့က ဒီလိုယူဆပါတယ်”


ဆက်နွှယ်သောသတင်းများ

ရွေးကောက်ပွဲကို အားလုံးပူးပေါင်းဖို့ စစ်ခေါင်းဆောင်ပြော

စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို လက်မခံဖို့ NUG အပါအဝင် အဖွဲ့အစည်းငါးခု ပူးတွဲထုတ်ပြန်

စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲ လက်မခံဖို့ FIDH တိုက်တွန်း


မြန်မာနိုင်ငံမှာကျင်းပမဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကလည်း ကိုယ်စားလှယ်တွေ လွှတ်ပြီး စောင့်ကြည့်လေ့လာမဲ့အကြောင်း စစ်ခေါင်းဆောင်က မတ်လ ၉ ရက်နေ့က ပြောကြားထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးကတော့ စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ်လိုနိုင်ငံတွေကို ကိုယ်စားလှယ်တွေ စေလွှတ်စောင့်ကြည့်ရင်လည်း တရား မျှတမှု မရှိနိုင်ဘူးလို့ ပြောပါတယ်။

“ရုရှားနဲ့ ဘီလာရုစ်ကလည်း တကယ်တော့ ဒီမိုကရေစီ လွတ်လပ်ပြီးတော့ မျှတတဲ့ရွေးကောက်ပွဲတွေ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဂုဏ်သတင်းကောင်းရှိတဲ့ နိုင်ငံတွေတော့ မဟုတ်ဘူးပေါ့နော်။ ပြီးတော့ သူတို့အနေနဲ့လည်း စစ်အုပ်စုကို ဒီစကစကို နည်းမျိုးစုံနဲ့ ထောက်ခံနေတဲ့နိုင်ငံတွေ ဖြစ်နေတဲ့အတွက်ကို ဒီနိုင်ငံတွေက လာပြီးတော့ စောင့်ကြည့်မဲ့သူတွေကတော့ တကယ်တမ်း မျှမျှတတနဲ့ စောင့်ကြည့်နိုင်တဲ့သူတွေတော့ ဟုတ်မှာမဟုတ်ဘူးပေါ့နော်။ နိုင်ငံရေးအရ ဒီကျောထောက်နောက်ခံ ပေးတဲ့သဘောပဲ ဖြစ်ပါတယ်”

စစ်ကောင်စီက ထိန်းချုပ်ထားတဲ့နေရာကွက်ကျားမှာ အခုနှစ်ကုန်ပိုင်း ရွေးကောက်ပွဲကျင်းပနိုင်ခြေ ရှိပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တော့ ပြုလုပ်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

လာမဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ ကြိုတင် ပြင်ဆင်ထားကြဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က နိုင်ငံရေးပါတီ တွေကို ပြောကြားထားပါတယ်။

စစ်ကောင်စီအောက်က ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ပြီး ပါတီထောင်ခွင့်ရထားတာအဖွဲ့ ငါးဆယ် ကျော် ရှိနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ CWC ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်တော့ စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်လိမ့်မယ်လို့ RFA ကို ပြောပါတယ်။

“ဘယ်သူမှ ဒါကျွန်တော်တို့ NLD မပြောနဲ့ ဘယ်ပြည်သူ၊ တရားမျှတမှုကို လိုလားတဲ့ ဘယ်ပြည်သူ တစ်ဦးတစ်ယောက်ကမှ လက်ခံမှာမဟုတ်ပါဘူး။ ပါတီကို ကိုယ်စားပြုပြီး မည်သူတစ်ဦးတစ်ယောက်ကမှ ဝင်ရောက်ယှဉ် ပြိုင်မှုမရှိပါဘူး။ ပြောရရင်တော့ ဒီရွေးကောက်ပွဲက အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ ပြည်သူတွေအားလုံး သိရှိထားပြီးပါပြီ ခင်ဗျ”

စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးပမ်းနေပေမဲ့ လက်ရှိမှာ နိုင်ငံရဲ့ နယ်မြေတစ်ဝက်ကျော်ကို လက်လွှတ်ဆုံးရှုံးထားရသလို ခုခံတော်လှန်မှုတွေလည်း ဆက်ရင်ဆိုင်နေရပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ ၂၀၂၁ ခုနှစ် အာဏာသိမ်းကတည်းက အရေးပေါ်ကာလ သက်တမ်းတိုးနေတာ ခုနစ်ကြိမ် ရှိပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။