စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲ လက်မခံဖို့ FIDH တိုက်တွန်း

RFA Burmese
2025.03.03
စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲ လက်မခံဖို့ FIDH တိုက်တွန်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က အီလက်ထရောနစ် မဲပေးစနစ်အသုံးပြုပုံကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့အား ရှင်းလင်းပြောပြနေစဉ်။
Photo: Myanmar Military

စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို လက်မခံဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) က တိုက်တွန်းလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မတ်လ ၃ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၈ ကြိမ်မြောက် အစည်းအဝေးမှာ တိုက်တွန်းခဲ့တာလို့ FIDH က ကြေညာချက်ထုတ်ပြန်ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီတွေကို ဖယ်ထားပြီး စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပြင် အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကလည်း မကြုံစဖူးမြင့်တက်လာတာကြောင့် ရွေးကောက်ပွဲကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လက်မခံဘဲ ပယ်ချရမယ်လို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

FIDH ရဲ့ တိုက်တွန်းချက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ ရိုဟင်ဂျာတွေကို တိုက်ခိုက်တာတွေ အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီတိုက်တွန်းချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီက ပြောထားပေမဲ့ အချိန်အတိအကျကိုတော့ ကြေညာတာ မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ကကျင်းပတဲ့ ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ရာမှာ‌တော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် နိုင်ငံတစ်ဝန်းဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ FIDH ရဲ့ တိုက်တွန်းချက်ထဲမှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား နှစ်သောင်းနှစ်ထောင်နီးပါး ရှိလာတာကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် အာဆီယံနိုင်ငံတွေအနေနဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေး ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ FIDH ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ တိုက်ခိုက်ခံနေရတာကို ရပ်တန့်ဖို့လည်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။