ရွေးကောက်ပွဲကို လေးပိုင်းခွဲ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြော
2025.03.26

အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အပိုင်းလေးပိုင်းခွဲပြီး ကျင်းပဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက မတ်လ ၂၅ ရက်မှာ ပြောဆိုပါတယ်။
ရွေးကောက်ပွဲမှာ မဲများသူအနိုင်ယူစနစ် (FPTP)နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR)ကို ပေါင်းစပ် ကျင့်သုံးမယ်လို့လည်း ဆိုပါတယ်။
၂၀၂၅ခုနှစ် ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ် ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်တွေမှာ ပြုလုပ်ဖို့ လျာထားတာလို့ မနေ့က စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အခုလို ရွေးကောက်ပွဲကို အပိုင်းပိုင်းကျင်းပတာလို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။
ရွေးကောက်ပွဲဥပဒေအရ ဖြစ်နိုင်ရင် တစ်နေ့တည်း ကျင်းပဖို့ ပြောထားပေမဲ့ ရက်အတိအကျ ကန့်သတ်မထားတာကြောင့် ဒီလိုအပိုင်းပိုင်း ကျင်းပတာဟာလည်း ဥပဒေနဲ့ ညီညွတ်တယ်လို့ သူက ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ ဒီရွေးကောက်ပွဲကို စစ်ကောင်စီက မဖြစ်ဖြစ်အောင်လုပ်နိုင်ပေမဲ့ ဒါဟာ ဘယ်လိုနိုင်ငံရေးအပြောင်းအလဲမှ ဖြစ်လာဖို့မရှိဘူး လို့ဆိုပါတယ်။
“ NLD ကိုဖြုတ်ချလိုက်တဲ့အချိန်က ရွေးကောက်ပွဲမတရားဘူး၊ ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်လို့ ပြောခဲ့တာဆိုတော့ သူက အဲ့ဒီအတွက် သက်သေထူနေတာ။ ဒါပေမဲ့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ သူ့ဟာသူ လေးဆင့်မကလို့ ဘယ်နှဆင့်လုပ်လုပ် ဘာမှလည်း ဖြစ်လာမှာမဟုတ်ဘူး”
အခုလို ရွေးကောက်ပွဲကို လေးပိုင်းခွဲ ကျင်းပတာဟာ လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်လာမှာပါ။ ပါလီမန်ဒီမိုကရေစီခေတ်က ၁၉၅၁ အထွေထွေ ရွေးကောက်ပွဲကို သုံးပိုင်း ကျင်းပခဲ့ဖူးပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌကတော့ ၂၀၂၅ အလွန်မှာ နိုင်ငံရေးနဲ့ပတ်သက်လို့ အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိလာမှာဖြစ်လို့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင် ဘယ်လိုထိန်းကြောင်းရမလဲဆိုတာ စဉ်းစားဖို့လိုအပ်တယ်လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက် လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၅၄ပါတီ ရှိပါတယ်။