ပြည်ထဲရေးဝန်ကြီးအပါအဝင် ဝန်ကြီးတချို့ကို စစ်ကောင်စီ ပြောင်းလဲ

RFA Burmese
2025.01.31
ပြည်ထဲရေးဝန်ကြီးအပါအဝင် ဝန်ကြီးတချို့ကို စစ်ကောင်စီ ပြောင်းလဲ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် (ဝဲ) နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် (ယာ) တို့အား တွေ့ရစဉ်။
Myanmar Military

စစ်ကောင်စီက အရေးပေါ်ကာလသက်တမ်း ခြောက်လထပ်တိုးပြီးနောက် ပြည်ထဲရေးဝန်ကြီးအပါအဝင် ဝန်ကြီးဌာနသုံးခုရဲ့ ဝန်ကြီးတွေကို ပြောင်းလဲခန့်အပ်လိုက်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ပြည်ထဲရေးဝန်ကြီးအဖြစ်ကနေ နယ်စပ်ရေးရာဝန်ကြီးဌာနကို ပြောင်းရွှေ့လိုက်ပြီး နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကိုတော့ ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၃၁ ရက်နေ့ညမှာ ကြေညာလိုက်တာပါ။

ဒါ့အပြင် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဒေါက်တာသက်သက်ခိုင်ဟာ စစ်တပ် အာဏာစသိမ်းပြီး စစ်ကောင်စီဖွဲ့စည်းချိန်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီးနောက် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကို ပြောင်းရွှေ့တာဝန်ပေးခံထားရသူပါ။

ဒေါက်တာသက်သက်ခိုင်အပြင် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်နဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံတို့ကိုလည်း ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

လစ်လပ်သွားတဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးအဖြစ် တိုင်းရင်းသားရေးရာဝန်ကြီး Jeng Phang နော်တောင်ကို ခန့်လိုက်သလို အလုပ်သမားဝန်ကြီးအဖြစ် ဦးချစ်ဆွေ၊ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးအဖြစ် ဦးကျော်စိုးဝင်းနဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ဦးခွန်သန့်ဇော်ထူးကို ပြောင်းလဲခန့်အပ်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ "ဝ" တိုင်းရင်းသားကိုယ်စားပြု ဦးရန်ကျော်နဲ့ ပလောင်တိုင်းရင်းသားကိုယ်စားပြု ဦးရွှေကြိမ်းတို့ကို ရာထူးကနေ ဖယ်ရှားလိုက်ပြီး စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်တွေအဖြစ် ခန့်အပ်လိုက်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီမှာ သူအပါအဝင် အဖွဲ့ဝင် ၁၆ ဦးရှိပြီး ဝန်ကြီးဌာန ၃၅ နဲ့ ဖွဲ့စည်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။