စစ်မှုထမ်း တပ်သားသစ်ငါးဦး နွားထိုးကြီး PDF ထံ ခိုလှုံလာ
2025.03.14

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်တပ်မှာ လိုက်ပါလာတဲ့ စစ်မှုထမ်း တပ်သားသစ် ငါးဦး လက်နက်နဲ့တကွ ခိုလှုံလာတယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အင်အားနှစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကနေ မတ်လ ပထမအတွင်းမှာ ဆက်သွယ်ခိုလှုံလာတာလို့ နွားထိုးကြီး-PDF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"အရက်ရက်က တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်ကြောင်းထဲကပဲ သူတို့ဆက်သွယ်ပြီးတော့ အလင်းဝင်လာတာ။ အခုနောက်ပိုင်း အခြေအနေမှာဆို တကယ့်စစ်သားက တပ်စိတ်တစ်စိတ်မှာဆိုရင် တစ်ယောက်၊ နှစ်ယောက်လောက်ပဲ ပါမယ်။ စစ်သားစုဆောင်းခံထားရတဲ့သူတွေ များတယ်"
အခုလာရောက်ခိုလှုံတဲ့ စစ်ကောင်စီတပ်သားသစ်တွေဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၆) သင်တန်းဆင်းထားသူတွေဖြစ်ပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းခံရသူတွေလို့ သူက ဆိုပါတယ်။
စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် နိုင်ငံတစ်ဝန်းက လူငယ်တွေ ဖမ်းဆီးခံရပြီး အတင်းအကျပ် စစ်သားစုဆောင်းခံနေရတယ်လို့ စစ်မှုထမ်းစောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းအတွက် အတင်းအကျပ် စုဆောင်းတာမရှိတဲ့အကြောင်း ငြင်းဆိုထားပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၅ ခုနှစ် ပထမ နှစ်လတွင်း စစ်ကောင်စီတပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၁၂၃ ဦးအထိ ရှိပါတယ်။