ညောင်ကျိုး စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား လေးဆယ်နီးပါး ဖမ်းဆီးခံရ

RFA Burmese
2025.03.14
ညောင်ကျိုး စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား လေးဆယ်နီးပါး ဖမ်းဆီးခံရ စစ်ကောင်စီ၏ မိုးထိတောင်စခန်းအား အာရက္ခတပ်တော် (AA)မှ သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က ထုတ်ပြန်ထားစဥ်။
Telegram/ AA Info Desk

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်က ညောင်ကျိုးတပ်စခန်း စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား လေးဆယ်နီးပါးကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက လက်နက်တွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေက မတ်လ ၁၄ ရက်နေ့မှာ ပြောပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ ညောင်ကျိုးစခန်းကို ၀ိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ချိန် မတ်လ ၁၃ ရက်နေ့မှာ အဲဒီစခန်းက ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်သားတချို့ကို ဖမ်းဆီးခဲ့လို့ ဆိုပါတယ်။ ဖမ်းဆီးမိတာမရှိဘဲ ဆုတ်ခွာသွားတဲ့ တပ်သားတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ညောင်ကျိုးစခန်းအနီးက ချင်းကုန်းတပ်စခန်းမှာ အင်အားစုဖွဲ့ထားတယ်လို့ စစ်ရေးအခြေအနေကို သိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေက ညောင်ကျိုးစခန်းက ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံတိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း ဒရုန်းနဲ့ စက်တပ်လေထီးတွေ အသုံးပြုပြီး တိုက်ခိုက်နေဆဲပဲလို့ ဆိုပါတယ်။ အခုဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ညောင်ကျိုးတပ်စခန်းနဲ့ မိုင် နှစ်ဆယ်ခန့်ဝေးတဲ့ ရခိုင်ရိုးမတောင်ခြေက ဥသျှစ်ပင်မြို့မှာတော့ ဒေသခံတွေ ပုံမှန်အတိုင်း သွားလာနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က ညနေပိုင်းအထိကတော့ နှစ်ရက်လောက်ဆက်တိုက် လေယာဉ်တွေသွားတာ လက်နက်ကြီးပစ်တာတွေ မြို့ပေါ်က ကြားနေတယ်။ ဒီနေ့ မနက်ပိုင်းတော့ အသံမကြားသေးဘူး။ မြို့ပေါ်မှာတော့ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါတယ်"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးတို့ကို ဆယ်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။

AA က ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ ပန်းတောင်းမြို့နယ်ဟာ စစ်ကောင်စီတပ်တွက် လက်နက်အစိတ်ပိုင်းတွေထုတ်လုပ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတချို့လည်း ရှိတာကြောင့် စစ်ရေးအတွက် အရေးပါတယ်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာ၀တီတိုင်းက ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ အစွန်အဖျားမြို့နယ်တွေမှာ ၂၀၂၄ ခုနှစ်ကုန်ပိုင်းကတည်းက စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး နယ်မြေတချို့ကို AA က ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။