ပန်းတောင်း-တောင်ကုတ်လမ်း မိုးထိတောင်မှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2025.01.27
ပန်းတောင်း-တောင်ကုတ်လမ်း မိုးထိတောင်မှာ တိုက်ပွဲပြင်းထန်နေ ပန်းတောင်း-တောင်ကုတ်လမ်း နယ်ခြားဆိုင်းဘုတ်အား ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ပန်းတောင်း-တောင်ကုတ်ကားလမ်း ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မိုးထိတောင် အထိုင်စခန်းကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်နေတာကြောင့် ဇန်နဝါရီလ ၂၇ ရက် ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးအခြေအနေကို သိရှိတဲ့ တောင်ကုတ်မြို့ခံတွေက ပြောပါတယ်။

မိုးထိတောင်တပ်စခန်းဟာ တောင်ကုတ်မြို့နယ်အဆုံး ပဲခူးတိုင်း နယ်ခြားမှတ်တိုင်အနီးမှာ တည်ရှိပြီး တောင်ကုတ်မြို့နယ် အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၅) ကို AA က သိမ်းပိုက်ပြီးတဲ့ နောက်ပိုင်းမှာ အသစ်ချထားခဲ့တဲ့ တပ်စခန်းကြီး ဖြစ်ပါတယ်။

အဲဒီတပ်စခန်းမှာ စကခ-၅ ကနေ ဆုတ်ခွာလာတဲ့ စကခမှူး ဗိုလ်မှူးချုပ် ကောင်းမြတ်လည်းရှိနေပြီး သူကို့ ဖမ်းဆီးရမိနိုင်ရေး AA က ကြိုးပမ်းနေတယ်လို့ AA နဲ့ နီးစပ်တဲ့ တောင်ကုတ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဗိုလ်မှူးချုပ် ကောင်းမြတ်က မိုးထိတောင်မှာ ပိတ်မိနေပြီလို့ သိရတယ်။ ပိတ်မိနေတဲ့ အဲဒီဗိုလ်မှူးချုပ်ကို စစ်ကောင်စီတပ်တွေကလည်း အင်အားတွေ၊ လက်နက်ကြီးတွေ လေယာဉ်ပစ်ကူတွေပေးပြီး ကယ်ထုတ်ဖို့ ကြိုးစားနေတယ်”

စစ်ကောင်စီတပ်က ရခိုင်ရိုးမတောင်ခြေက ပဲခူးတိုင်း ဥသျှစ်ပင်မြို့ ညောင်ခြေထောက်ရွာအနီးမှာရှိတဲ့ အမှတ် (၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) မှာ အင်အားတွေစုဖွဲ့ပြီး တိုက်ပွဲဖြစ်ရာနေရာကို စစ်ကူစစ်ကြောင်းတွေ စေလွှတ်တာ၊ ရိုးမတောထဲမှာ လှည့်လည်စစ်ကြောင်းထိုးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေဟာ ဇန်နဝါရီလ ၁၂ ရက်နေ့ကစလို့ နေ့စဉ် ပြင်းထန်နေတာဖြစ်ပြီး ဥသျှစ်ပင်မြို့နဲ့ အနီးတစ်၀ိုက်က အရပ်သားကားတွေကို စစ်ကောင်စီတပ်က ချောဆွဲ (ဖိအားပေးခေါ်ဆောင်) ပြီး မိုးထိတောင်တိုက်ပွဲက ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေနဲ့ သေဆုံးတဲ့ တပ်သားတွေကို သယ်ဆောင်ခိုင်းတာတွေလည်း ရှိနေတယ်လို့ ဥသျှစ်ပင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲတွေကတော့ နေ့တိုင်းပြင်းထန်နေတယ်။ ညလူခြေတိတ်ချိန်ဆိုရင် လက်နက်ကြီးသံကို ဥသျှစ်ပင်က တောင် ကြားရတယ်။ ဒီရက်ပိုင်း စစ်တပ်က ကားတွေကို ချောဆွဲပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေကို ရိက္ခာနဲ့ ပစ္စည်းတွေပို့ခိုင်းတယ်။ အပြန်မှာ ဒဏ်ရာရတဲ့သူတွေနဲ့ တိုက်ပွဲကျသွားတဲ့ စစ်သားတွေကို ပြန်သယ်လာရတာ လည်း ရှိတယ်”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပန်းတောင်းမြို့နယ်နဲ့ နယ်မြေချင်းတစ်ဆက်တည်းဖြစ်တဲ့ မကွေးတိုင်း မင်းတုန်းမြို့နယ် ရခိုင်ရိုးမတောင်ခြေက ရွာတချို့မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒီရက်ပိုင်း တိုက်ပွဲတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။