ရခိုင်မှာ တိုက်ပွဲကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ထက်ဝက်ကျော် ပျက်ကွက်

RFA Burmese
2025.03.18
ရခိုင်မှာ တိုက်ပွဲကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ထက်ဝက်ကျော် ပျက်ကွက် စစ်တွေမြို့ အ.ထ.က (၂) တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသားများကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စတဲ့ မြို့နယ်သုံးခုမှာသာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade-12) ကျင်းပနေပြီး ဖြေဆိုဖို့ စာရင်းပေးထားတဲ့ လူ ၃၂၀၀ ကျော်ထဲက ၁၅၀၀ ကျော် လာရောက်ဖြေဆိုတယ်လို့ စစ်ကောင်စီက မတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတာကြောင့် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် သုံးမြို့နယ်မှာသာ စာမေးပွဲ ကျင်းပနိုင်တာပါ။

အဲဒီအထဲက စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ တိုက်ပွဲတွေရှိနေပြီး ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတာကြောင့် စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်သူ များနေတာလို့ ရခိုင်ပြည်နယ်မှာ ပညာသင်ကြားပေးနေတဲ့ ကျောင်းဆရာတစ်ဦးက RFA ကို ပြောပါတယ်။

“စာမေးပွဲဖြေဖို့လျှောက်ခဲ့တဲ့ ကျောင်းသားတွေက စစ်တွေနဲ့ ကျောက်ဖြူက ကျောင်းသားတွေပဲ များပါတယ်။ အခုကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်တော့ မြို့ပေါ်ကနေ ထွက်ပြေးကြတာပေါ့။ အဲဒီမှာ ကျောင်းသားတွေလည်း ပါသွားတယ်လေ။ အဲဒါကြောင့် သူတို့က စာမေးပွဲမဖြေနိုင်ဘူး။ မြို့ပေါ်မှာ ကျန်ခဲ့တဲ့ သူတွေလောက်ပဲ ဖြေနိုင်ကြတာ”

၂၀၂၄ ခုနှစ်ကလည်း တိုက်ပွဲတွေကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဖို့ လျှောက်ထားသူ ၁၈,၀၀၀ ကျော်မှာ တစ်သောင်းကျော် ပျက်ကွက်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသားလေးသောင်းကျော်အထိ ဖြေဆိုခဲ့ပြီး တိုက်ပွဲတွေကြောင့် စာမေးပွဲဖြေဆိုသူ တစ်နှစ်ထက် တစ်နှစ် သိသိသာသာ ကျဆင်းလာခဲ့တာပါ။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ရေးပြင်းထန်နေတဲ့ ချင်းပြည်နယ်မှာလည်း ဟားခါးနဲ့ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တို့မှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ပြီး ဖြေဆိုသူ ၄၀၈ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။