ငသိုင်းချောင်းမှာ စစ်ကောင်စီတပ် ထိုးစစ်ကြောင့် AA နဲ့ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2025.03.07
ငသိုင်းချောင်းမှာ စစ်ကောင်စီတပ် ထိုးစစ်ကြောင့် AA နဲ့ တိုက်ပွဲပြင်းထန်နေ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအစပ်ရှိ တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် AA မှ ထုတ်ပြန်ထားစဉ်။
Telegram/ AA Info Desk

ဧရာ၀တီတိုင်း ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ ရခိုင်ရိုးမ အနီးတစ်၀ိုက်က အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ နေရာဘက်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်နေတာကြောင့် မတ်လ ၇ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွင်းကလေးနဲ့ ဆင်ကနီခုံရွာတွေအနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာအပြင် စက်တပ်လေထီးတွေနဲ့ပါ တိုက်ခိုက်နေတာလို့ စစ်ရေးအခြေအနေကို သိရှိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီမှာ တိုက်ပွဲ တော်တော် ဖြစ်နေတယ်။ အခုလည်း ကြားနေရတယ်။ တစ်နေကုန် လက်နက်ကြီးသံ ကြားနေရတယ်။ လက်နက်ကြီးနဲ့ရော၊ လေထီးတွေနဲ့လည်း ပစ်တယ်”

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်၊ သေဆုံးမှု အရေအတွက် အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

မတ်လ ၄ ရက်နေ့က အခုတိုက်ပွဲအနီးက သက္ကယ်ပြင်ရွာကို စစ်ကောင်စီတပ်က အင်အားတစ်ရာခန့် ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လဆန်းကလည်း တိုက်ပွဲဖြစ်ရာနေရာအနီး ညောင်၀ိုင်း (ဒေသခေါ် ညောင်အိုင်) ရွာက သစ်ခုတ်သမား ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဒီဒေသမှာ ဖုန်းနဲ့ အင်တာနက်ဖြတ်တောက်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း ဒေသခံတွေ စိုးရိမ်နေကြပြီး စားနပ်ရိက္ခာကြိုတင်စုဆောင်းတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရေကြည်မြို့နယ်နဲ့ ထိစပ်နေတဲ့ သာပေါင်းမြို့နယ် သဲဖြူရွာအနီးက စစ်ကောင်စီတပ်ရဲ့ ကမွန်းချဉ်တောင် ကာကင်းစခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစလို့ ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ဧရာ၀တီတိုင်း ပုသိမ်၊ ရေကြည်နဲ့ သာပေါင်းမြို့နယ် အစွန်အဖျားက စစ်ကောင်စီတပ်စခန်းနေရာတွေမှာ တိုက်ပွဲဖြစ်နေပြီး AA နဲ့ ပူးပေါင်းတပ်က နယ်မြေချို့ကို ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။